By Nway / MPA
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်လာသဖြင့် ကမ်းနားနှင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ နေထိုင်နေသူတို့ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း သိရသည်။
ဇွန်လ ၃၀ရက်၊ ညနေ ခြောက်နာရီ တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာကို ကျော်လွန်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြစ်ရေဝင်ရောက်မှုကြောင့် စီတာပူရပ်ကွက် ၊မြို့သစ်ကြီးရပ်ကွက် ၊ ရမ်ပူရပ်ကွက် ၊ကြက်ပေါင်ခြံရပ်ကွက် နှင့် ကမ်းနားနှင့် မြေနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
” မြစ်ကမ်းနားက ရပ်ကွက်တော်တော်များများက မြုပ်ကုန်ပြီ။အခု မနက် တစ်နာရီခွဲမှာ ရေတာရိုးကန်ဘောင်က တချို့နေရာတွေကို ရေကျော်လာပြီ။ ပြည်သူတွေကတော့ သိသိချင်း ရွှေ့ကြတာပေါ့။နီးစပ်ရာဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ နေနေကြတယ်” ဟု ယနေ့(ဇူလိုင်တစ်ရက်)နံနက် နှစ်နာရီခန့်တွင် ၎င်းက MPAသို့ပြောသည်။
ရပ်ကွက်အချို့တွင် ပိတ်မိနေသည့်ပြည်သူများရှိပြီး ကယ်ဆယ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးနေကြောင်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် တယ်လီဖုန်း ဆက်သွယ်ရန် အခက်တွေ့နေကြောင်း သိရသည်။
” ကယ်ဆယ်ရေးအဖွဲ့ သုံး၊လေးဖွဲ့က ကူညီပေးနေကြတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာလည်း အကူအညီ လိုရင် ဆက်သွယ်လို့ရကြောင်း ဖုန်းနံပါတ်နဲ့တင်ထားကြတယ်။ အခုက မီး တစ်နေကုန်ပျက်တော့ ဖုန်းအားမရှိကြတာတွေနဲ့ အခက်အခဲဖြစ်နေကြတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ရေဘေးသင့်ပြည်သူများသည် နီးစပ်ရာဘုန်းကြီးကျောင်းနှင့်ဘုရားကျောင်းတို့တွင် ခေတ္တခိုလှုံနေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း မြစ်ကြီးနားမြို့ခံအချို့ထံက သိရသည်။