By Poe Sangle / MPA
၁၀၂၇ စစ်ဆင်ရေး ငါးရက်တာအတွင်း စစ်ကောင်စီတပ်အရာရှိ ငါးဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၃ ဦး လက်နက်ချအလင်းဝင်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။
ဇွန်လ၂၅ရက်မှ ယနေ့(ဇွန်၂၉ရက်)အထိ ငါးရက်တာ တိုက်ပွဲအတွင်းဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး လေးဦး၊ ရဲအုပ် တစ်ဦး၊ တပ်ကြပ်ကြီးခြောက်ဦး၊ ယာဉ်ထိန်းရဲတပ်ကြပ်တစ်ဦး၊ တပ်ကြပ် ၁၁ဦး၊ ဒုတပ်ကြပ်၉ဦး၊ ရဲတပ်သားတစ်ဦးနှင့် တပ်သား၁၉ဦး စုစုပေါင်း (၅၃)ဦးတို့ TNLA ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။
“၂၆ ရက်နေ့တုန်းက ပလောင်စစ်သားတွေက ကျမတို့အိမ်ဘက်မှာ လူ ၁၀ ယောက်ကျော်ဖမ်းလာတာတွေ့တယ်။ အမျိုးသားတွေပဲ။ မီးသတ်ရော ရဲရော ပါတာတွေ့လိုက်တယ်။ ပြီးတော့ ဘယ်သူတွေပါသေးလဲတော့ အသေးအစိတ်မသိဘူး” ဟု ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက MPAသို့ ပြောသည်။
၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်တော့မည်ဆိုသည့် သတင်းအရ ကျောက်မဲမြို့ ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်တို့သည်ဇွန်လ ၁၃ ရက်ကတည်းက မြို့ပေါ်မှ ကြိုတင်ထွက်ပြေးတိမ်ရှောင်သွားကြပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
ဇွန်လ ၂၆ ရက်နေ့တွင် နောင်ချိုမြို့၊ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ ၅၀ကျော် သိမ်းဆည်းရမိခဲ့ပြီး စစ်သား၁၇ဦးလည်း TNLA ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-29-213502_002-1024x682.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-29-213502_003-1024x769.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-29-213502_004-1024x682.jpeg)