By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှောင်လမ်း ၁၂ မိုင်တွင် ကိုးကန့် MNDAAနှင့် စစ်ကောင်စီတပ် အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ယနေ့ (ဇွန်လ ၂၉ ရက်)နံနက် ၁၀ နာရီခန့်တွင် လားရှိုးမှ သိန္နီသို့ တက်သည့်လမ်း ၁၂ မိုင်တွင် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မှ ၁၂ မိုင်ဘက်သို့ လက်နက်ကြီး ပစ်ကူခဲ့ကြောင်း လားရှိုးမြို့ခံအမျိုးသားတစ်ဦးကပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေရာက မဟာနွယ်ဆီဆိုင်ရဲ့နောက်ကျော ၁၂ မိုင်မှာတိုက်ပွဲဖြစ်နေတာ။ တိုင်းစစ်ဌာနချုပ်ဘက်ကနေလည်း လက်နက်ကြီး ဆက်တိုက်ပစ်နေတယ်။ မြို့နဲ့တော့ နည်းနည်းဝေးတယ်။ လားရိူး- သိန္နီသွားတဲ့ဘက်ပေါ့” ဟု ၎င်းက MPAသို့ ပြောသည်။
ဇွန်လ၂၅ရက်မှစတင်ကာ ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းကို TNLAပူးပေါင်းတပ်က စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး ယနေ့၌ လားရှိုးမြို့ပြင်၊ပြည်ထောင်စုလမ်းမပေါ်၌ ကိုးကန့်တပ် MNDAA က တိုက်ပွဲ ဝင် ခြင်းဖြစ်သည်။
MNDAA နှင့် စစ်တပ်တို့၏ တိုက်ပွဲအခြေအနေကိုမူ မသိရသေးပေ။