ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသား ခြောက်ဦးပါဝင်သည့် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၁၃ဦးပါဝင်သော ယင်းအွန်လိုင်းငွေလိမ်ဂိုဏ်းတွင် တရုတ်နိုင်ငံသားခုနှစ်ဦး ပါဝင်ပြီး ချင်းမိုင်မြို့၊ Doi Saketခရိုင်၌ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုက်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဗျူရို (CCIB)က ဇွန် ၂၈ရက်တွင် ထုတ်ပြန်သည်။
“CCIB အရာရှိတွေက ချင်းမိုင်ခရိုင် Doi Saketမှာရှိတဲ့ ဗီလာတစ်ခုကို ဝင်ရောက်ရှာဖွေခဲ့တယ်။ အဲဒီမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ခုနှစ်ဦး၊ မြန်မာနိုင်ငံသားခြောက်ဦး၊ စုစုပေါင်း နိုင်ငံခြားသား ၁၃ ဦး ဖမ်းဆီးနိုင်ခဲ့တယ်” ဟု CCIB ရဲမှူးချုပ် Worawat Watnakhonbancha က ပြောသည်။
ဖမ်းဆီးမှုတွင် တရုတ်ဆင်းမ်ကတ်များပါသည့် မိုဘိုင်းဖုန်း ၉၄ လုံး၊ ကွန်ပျူတာ ၉ လုံးနှင့် တရုတ်ဘာသာဖြင့် ရေးသားထားသော စာရွက်စာတမ်းများ သိမ်းဆည်းရမိကြောင်း ၎င်းက ဆိုသည်။
ယင်းတရုတ်အမျိုးသား နေထိုင်သည့်အိမ် ခြံစည်းရိုးပတ်ပတ်လည်တွင် ကင်မရာများတပ်ဆင်ထားပြီး ယင်းအိမ်၌ တစ်ညလုံး မီးဖွင့်ထားကြောင်း သိရသည်။
၎င်းတို့သည် တရုတ်နိုင်ငံသားများ ရင်းနှီးမြှုပ်နှံရန် အွန်လိုင်းမှ လိမ်လည်ဆွဲဆောင်နေခဲ့ကြောင်း သိရသည်။
၎င်းတို့ကို နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု၊ တရားမ၀င် စုဝေးမှု၊ လိမ်လည်မှုနှင့် ကွန်ပျူတာစနစ်သို့ မဟုတ်မမှန် သတင်းအချက်အလက်များ ထည့်သွင်းမှု သံသယရှိသူများအဖြစ် ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားသည်။