By Nway / MPA
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာနှင့် ကျောက်ပုံကုန်းရွာတို့တွင် အထိုင်ချရန် ပြင်ဆင်နေသော စစ်တပ်နှင့်ပျူစောထီးတို့ကို PDFတို့က စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနှစ်ဦး ဖမ်းဆီးမိခဲ့ပြီး သေနတ် ရှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၈ ရက်၊ နံနက် လေးနာရီခန့်က ခမရ၃၆၁နှင့် ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ခန့်က အင်တိုင်းရွာနှင့် ကျောက်ပုံကုန်းရွာတို့တွင် အထိုင်ချရန် ပြင်ဆင်နေစဉ် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှတ်တစ် စစ်ဒေသက သတင်းထုတ်ပြန်သည်။
“ ရန်သူ့ဘက်က ထိခိုက်သေဆုံးမှုများပါတယ်။ ရဲဘော်တွေ မျက်မြင်တွေ့ခဲ့တာပါ။ အတိအကျ သိရဖို့တော့ လောလောဆယ် ခက်နေတယ်” ဟု ယင်းတိုက်ပွဲတွင်ပါဝင်သည့် ရွှေဘိုခရိုင် အမှတ် ၅၂ ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး နှင့်ဒရုန်းတို့ဖြင့်ပြန်လည် ပစ်ခတ်ခဲ့ ရာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
“ ကျတော်တို့အဖွဲ့က ရဲဘော်တစ်ဦးကျတယ်။ သူက လက်နက်ကြီး တာဝန်ယူထားတာ။ တိုက်ပွဲစတော့ လက်နက်ကြီးနဲ့ သူအရင်ပစ်တယ်။ ဟိုဘက်က ( စစ်ကောင်စီတပ် ) ကောင်တာပြန်တဲ့ ကျည်ထိမှန်ပြီး တိုက်ပွဲစပြီး မကြာခင်မှာပဲ ကျဆုံးသွားတာပါ။ အလောင်းပြန်ရလို့ နာရေးလုပ်နေပါတယ်” ဟု ၎င်းက ယနေ့(ဇွန်၂၉ရက်) နံနက် ၁၀နာရီခန့်တွင်ပြောသည်။
ယင်းတိုက်ပွဲကို ကန့်ဘလူခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် တပ်ရင်း (တစ်၊ နှစ်)၊ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း (၆၊ ၉၊ ၁၂)၊ ဗျူဟာ-၅၂ (ရွှေဘိုခရိုင် တပ်ရင်း-၇၊ ၈၊ ၁၀၊ ၁၆)၊ စစ်ကိုင်းတိုင်း ပကဖနှင့် ကျွန်းလှမြို့နယ် ပကဖ ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။