By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုတစ်မြို့လုံးကို သိမ်းပိုက်ရန် ကျန်ရှိနေသော ၆၀၆ တပ်စခန်း အနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ယနေ့( ဇွန်လ ၂၉ ရက်) နံနက်အစောပိုင်းတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး နောင်ချိုမြို့ထဲတွင်မူ ငြိမ်သက်နေကြောင်း TNLAနှင့်နီးစပ်သည့် စစ်မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
“မြို့ထဲမှာတော့ ငြိမ်သွားပြီ။ လက်နက်ကြီးပစ်လာတာမရှိဘူး။ အဝင်းအထွက် ခဏပိတ်ထားတာပဲရှိတယ်။ ပြီးတော့ နောင်ချိုမြို့တစ်ခုလုံးရဖို့ ၆၀၆ တပ်စခန်းတစ်ခုပဲကျန်တယ်။ အခုလည်း တပ်စခန်းအနီးမှာ ကျွန်တော်တို့နဲ့ ပူးပေါင်းတပ်တို့က တိုက်ဆဲပါ” ဟု၎င်းက MPA သို့ပြောသည်။
ကျောက်မဲမြို့တွင်လည်း စစ်ကောင်စီတပ်စခန်းနှင့် ဌာဆိုင်ရာများကို TNLAနှင့် ပူးပေါင်းတပ်ဖွဲ့တို့ ကထိန်းချုပ်ထားပြီး မြို့တစ်ခုလုံးအား ထိန်းချုပ်နိုင်ရန် ခမရ ၅၀၁နှင့် ၅၀၂ တပ်စခန်းသာ ကျန်ရှိတော့ကြောင်းသိရသည်။
“ဒီနေ့မနက် ရှစ်နာရီကတည်းက တိုက်ပွဲစဖြစ်တာ။ တအာင်းစစ်သားတွေက ဒေသခံတွေဈေးဝယ်ဖို့ မနက် ခြောက်နာရီကနေ ရှစ်နာရီထိ အချိန်ပေးထားတယ်။ အခုလည်း လက်နက်ကြီးအသံရော လက်နက်ငယ်အသံရော ကြားနေရတယ်။ လေယာဉ်လာဝဲတာ မတွေ့သေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရှမ်းမြောက်နောင်ချိုနှင့် ကျောက်မဲမြို့မှာ တအာင်းတပ်မတော် TNLA၊ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDFနှင့် ဓနုတပ်မတော်(DPLA)တို့သည် လေးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ ဌာဆိုင်ရာများအပါအဝင် တပ်စခန်း ၂၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-29-120426_005-1024x682.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-29-120426_004-1024x682.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-29-120426_003-1024x682.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-29-120426_002-1024x682.jpeg)