By Haythar / MPA
မိုးကုတ်မြို့အနောက်ပိုင်း၊ အောင်သုခရပ်ကွက်ထဲသို့ ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ယနေ့(ဇွန် ၂၈ရက်) နံနက်၁၀နာရီခွဲခန့်တွင် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့၊ ကျပ်ပြင်ရပ်ကွက်နေ ပြည်သူ တစ်ဦးကပြောသည်။
“ ဒီမနက်က ပစ်သံအကြာကြီးမကြားရဘူး။ လက်နက်ကြီးပစ်သံပဲတစ်ချက်၊ တစ်ချက်ကြားရတာ။ ထိပြီးသေတာဟုတ်တယ်။လက်နက်ကြီးအစ ထိပြီး ဒဏ်ရာရသူလည်းများတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ဇွန် ၂၅ရက်မှ ဇွန် ၂၈ရက်နေ့အထိ မိုးကုတ်မြို့အနောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကိုရင်တစ်ပါးအပါအဝင် ပြည်သူ ငါးဦးသေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရ ခဲ့သည်ဟု ဒေသခံအချို့ထံက သိရသည်။
ဇွန်၂၇ရက်ညနေပိုင်းတွင် မိုးကုတ်မြို့၊ရှမ်းစုရပ်ရှိ ဥယျာဉ်ဘုန်းကြီးကျောင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အသက်၁၃နှစ်အရွယ်ရှိ ကိုရင် ရှင်ကုသလ ပျံလွန်တော်မူခဲ့သည်။
မိုးကုတ်မြို့ပေါ်တိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၁၄လုံးနှင့် ဥယျာဥ်ကျောင်းတိုက်ရှိအဆောင် တစ်ဆောင် ပျက်စီးခဲ့သည်။