By Nadi Shweyi / MPA
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာအတွင်း ငါးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၄ခုနှစ်၊ ဇွန် ၂၇ရက် နံနက်ပိုင်း၌ စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ ခိုင်ကမ်းမြို့ ရဲစခန်းသို့ ထွက်ပြေးသွားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
အထက်ပါ စစ်ကောင်စီတပ်ကို ချင်းပြည်ကောင်စီ(CC) တပ်ဖွဲ့များက အကြိမ်ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ဒရုန်းများ၊ စနိုက်ပါများဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် အထိနာခဲ့သော စစ်တပ်သည် ဇွန်လ ၂၁ ရက်နေ့မှ စတင်ကာ သိုင်းငင်းရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF/ CDM SIYIN)မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ စစ်ေ-ွး ( စစ်ကောင်စီတပ်) ရဲ့ အကျင့်က အထိနာရင် အိမ်တွေမီးစရှို့တော့တာပဲ၊ သူတို့ရဲ့ အကျင့်စာရိတ္တ၊ စရိုက်အမှန်ကိုပြသွားတာ၊ အိမ်တွေမီးရှို့ပေမဲ့ ကျတော်တို့က နောက်မဆုတ်ဘူး။ ကျတော်တို့ရဲဘော်တွေက နေ့ရော ညရော မြူတွေ၊ မိုးတွေ၊ ခြင်ယင်တွေ၊ မျှော့တွေပေါများတဲ့ကြားထဲက မိုးကာလေးတွေဝတ်ပြီး တိုင်းပြည်အတွက် စကစကို တိုက်ထုတ်တယ်။ နေရာအနှံ့ကနေ ဒရုန်းနဲ့တိုက်ပြီး ဖိအားဆက်ပေးတယ်။ အနီးအနားက စနိုက်ပါတွေနဲ့ရော မိုင်းကွင်းတွေနဲ့ပါ ဆက်ဖိထားတော့ သူတို့က မခံနိုင်ဘဲ ခိုင်ကမ်းကို ပြေးသွားတယ်” ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် အိမ်ခြေ ၃၅ အိမ်ရှိသည့် သိုင်းငင်းရွာကို မီးရှို့ခဲ့မှုကြောင့် ဘုရားကျောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းစာသင်ကျောင်း အပါအဝင် ပြည်သူ့နေအိမ် ၂၅ လုံးမီးလောင်ပြာကျပျက်စီးခဲ့ရပြီး လက်နက်ကြီးကြောင့် နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိုင်းငင်းရွာဒေသခံများထံကသိရသည်။
ပြီးခဲ့သည့် ဇွန် ၁၆ရက်က တီးတိန်မြို့မှ ထွက်ခွာလာသော အင်အား ၁၀၀ ကျော်ရှိစစ်ကောင်စီတပ်သည် ဇွန်လ ၁၇ရက်တွင် ကနေဒီတောင်စခန်းကို သိမ်းပိုက်ယူထားသော PDF Zoland တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် သိုင်းငင်းရွာသို့ ဆက်လက်စစ်ကြောင်း ထိုးခဲ့ခြင်းဖြစ်သည်။
ကလေးမြို့မှ စစ်သားအပြည့်ပါလာသည့် စစ်ကား ၃ စီးသည်လည်း ဇွန် ၁၆ ရက်တွင် သိုင်းငင်းရွာသို့ တက်လာကြောင်း၊ ဇွန်လ ၁၈ ရက်တွင် ကနေဒီတောင်မှ အင်အား ၁၀၀ ကျော်နှင့် ဆင်းလာသော စစ်ကောင်စီတပ်များ ဇွန်လ ၂၀ ရက်နေ့တွင် သိုင်းငင်းစခန်းဟောင်းနေရာ၌ ပြန်လည်နေရာယူခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။
“ သူတို့စခန်းဟောင်းမှာ စခန်းချပြီး ၂၁ ရက်နေ့မှာ ကျတော်တို့ထောင်ထားတဲ့အလံတွေဖြုတ်နေတုန်း မိုင်းခွဲလိုက်တာ အဲ့ဒီမှာ အထိနာတော့တာပဲ” ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF/ CDM SIYIN)မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
သိုင်းငင်းရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီးမှုကြောင့် ဇွန်လ ၂၁ရက် သိုင်းငင်းရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ဆိုဇန်၊ အာလွယ်၊ သိုင်းငင်း၊ ဟိန်ဇိန်၊ ဆွလိမ် စသည့်ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။
“ ကျတော်တို့တော့ ပြန်စရာ အိမ်မရှိတော့ဘူးပေါ့၊ ရွာရဲ့စာကြည့်တိုက်လည်း မီးရှို့ခံရတဲ့ထဲပါသွားပြီ၊ ဘာမှမရှိတော့ဘူး” ဟု သိုင်းငင်းဒေသခံတစ်ဦးက ပြောသည်။
သိုင်းငင်းရွာသည် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် အချက်အချာကျသည့် ကလေး-ဖလမ်း-ဟားခါးမြို့နှင့် ကလေး-တီးတိန်-ရိခေါဒါရ်မြို့သို့ သွားရာ လမ်းဆုံတွင် တည်ရှိပြီး ခရီးသွားဧည့်သည်များ နားလေ့ရှိကာ လူသိများသည့် ရွာလည်းဖြစ်သည်။
သိုင်းငင်းစခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့က ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ စစ်ကောင်စီတပ်က ဇွန်လ ၂၀ ရက်နေ့တွင် ပြန်လည်ရယူရန် ကြိုးပမ်းမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်တိုက်ထုတ်ရခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဇွန် ၂၆ ရက် ညပိုင်းတွင် သိုင်းငင်းမှ ခိုင်ကမ်းမြို့ဘက်သို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့များသည် လမ်းမကြီးအတိုင်းမသွားရဲဘဲ လမ်းမဟုတ်သော တောလမ်းကိုအသုံးပြုကာ ထွက်ပြေးခဲ့ကြရပြီး ဇွန်လ ၂၇ ရက်၊ မနက် ရှစ်နာရီခန့်တွင် ချင်း-စစ်ကိုင်းအစပ် ခိုင်ကမ်းမြို့ ရဲစခန်းသို့ ရောက်ရှိသွားပြီ ဟု CDF CDM-SIYIN မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါစစ်ကောင်စီတပ်ကို ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြသော ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF/ CDM SIYIN) ၊PDF- KKG၊ People Defence Army (PDA-Tedim)၊ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Hualngoram၊ CDF-Vakok၊ Kalay SR 4 အဖွဲ့များက ခိုင်ကမ်းမြို့အနီးအထိ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သိုင်ငင်းကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့များကပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း ကလေး-သိုင်ငင်းလမ်းမကြီးကိုမူ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခွင့်မပြုသေးကြောင်းသိရသည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_002-634x1024.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_003-1024x766.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_004.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_005.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_006.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_007.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_008.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_009.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_010.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_011.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_012-1024x765.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_013-1024x765.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-193722_014-1024x765.jpeg)