By Blackpanda / MPA
ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားများ မူးယစ်ဆေးဝါး သုံးစွဲမှုများပြားလာခြင်းကြောင့် အုပ်ထိန်းသူနှင့် မိဘအချို့သည် မိမိတို့၏ သားသမီးများအား ကိုယ်ပိုင်ကျောင်းများသို့ ပြောင်းထားလာကြောင်း စုံစမ်းသိရှိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် WY ကဲ့သို့ မူးယစ်ဆေးဝါးများသည် စျေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူ၍ ရလာပြီး ၂၀၂၄ ခုနှစ်မှစတင်ကာ ပိုမိုပေါများလာကာ ကျောင်းသားများပင် စိတ်ကြိုက်ဝယ်ယူလို့ရသည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။
အဆိုပါ အခြေအနေများကြောင့် ကျောင်းသားမိဘများသည် စောင့်ကြည့်မှုအားကောင်းသည့် ကိုယ်ပိုင်ကျောင်း (Private School)များသို့ ပြောင်းထားနေခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပမှ အုပ်ထိန်းသူ အမျိုးသားတစ်ဦးက ပြောသည်။
“ ကျတော့်ကလေးတွေက အခြေခံပညာကျောင်းတစ်ခုမှာတက်တယ်။ အဲ့ဒီမှာ ကလေးတွေသွားကြိုတော့ ကျောင်းသားလေးတွေကြည့်တာ မူမမှန်ဘူး။ တချို့ကလေးတွေဆို မျက်လုံးတွေနီနေတယ်။ အဲ့ဒါလေးသားကိုမေးကြည့်တော့ ကျောင်းမှာဆေးခိုးသုံးနေတယ်တဲ့၊ အဲ့ဒါနဲ့သားကို ချက်ချင်းပဲ ကိုယ်ပိုင်ကျောင်း ပြောင်းထားလိုက်ရတယ်” ဟု အဆိုပါအမျိုးသားကပြောသည်။
ယခုကဲ့သို့ ကျောင်းသားများ မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာခြင်းသည် မူးယစ်ဆေးအား အလွယ်တကူဝယ်နိုင်သည့် အခြေအနေပြင် ဆရာ၊ ဆရာမများ၏ စောင့်ကြည့်မှုအားနည်းခြင်းကြောင့် ဖြစ်သည်ဟု ကျောင်းသားမိဘများက သုံးသပ်မှုများရှိနေသည်။
ထိုကဲ့သို့ အစိုးရကျောင်းများတွင် ကျောင်းသားများ မူးယစ်ဆေးဝါး သုံးစွဲမှု များပြားနေခြင်းကြောင့် CCTV များတပ်ဆင်ကာ ကလေးများကို သေချာစောင့်ကြပ်ခြင်းကြောင့် အဆိုပါကျောင်းများကို ရွေးချယ်မှုများပြားလာသည်။
သို့သော် ငွေကြေးမတတ်နိုင်သည့် မိဘများသည် ကိုယ်ပိုင်ကျောင်းများကို မအပ်နိုင်သဖြင့် မိမိသားသမီး အခြေအနေကိုသာ စောင့်ကြည့်နေရကြောင်းလည်း သိရသည်။
ကိုယ်ပိုင်ကျောင်းများတွင် cctvတတ်ဆင်ထားပြီး ကျောင်းဆရာဆရာမများမှာ စည်းကမ်းတင်းကြပ်လွန်းသောကြောင့် အခြေခံကျောင်းတွင် မူလကတည်းက ကျောင်းမအပ်ခဲ့ကြောင်း အလုံမြို့နယ်မှ မိခင်တစ်ဦးကပြောသည်။
“ ကျမသားကို ကျောင်းထားမဲ့အရွယ်ရောက်တော့ ၊အခြေခံကျောင်းတွေကို လေ့လာကြည့်တယ်။အဲ့ဒီမှာ ကလေးတွေ ဆေးကိုခိုးသုံးနေတယ်ဆိုပြီးပြောတာကြားတော့ သားကို ကိုယ်ပိုင်ကျောင်းပဲထားလိုက်တယ်။ သူတို့က အခြေခံကျောင်းတွေလိုမဟုတ်ဘူး။ စည်းကမ်းကောင်းတယ်။ ဆရာ၊ ဆရာမတွေကလည်း ကျောင်းသားတွေကို သေချာစောင့်ကြည့်ပေးတယ်” ဟု အလုံမြို့နယ်မှ မိဘတစ်ဦးက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းအုပ်နှင့် ကျောင်းဆရာ၊ ဆရာမများသည် CDM ပြုလုပ်သူများပြားခဲ့သဖြင့် စစ်ကောင်စီက နီးစပ်ရာသူများကို ဆွဲခန့်ခြင်းများပြုလုပ်ခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူများကို ဂရုစိုက်မှုအားနည်း နေခြင်းဖြစ်သည်ဟု ဒေါပုံမြို့နယ်မှ ကျောင်းသားတစ်ဦး၏ အစ်ကိုက သုံးသပ်သည်။
“ ကျောင်းအုပ်တွေကသိရင်တောင် သူတို့က ေ-ွးတိုးပေါက်ကဝင်လာတဲ့ ဆရာတွေလေ ၊ ဘယ်အရေးစိုက်မလဲ၊ ဘာပြောရမလဲ အစိုးရကျောင်းမတက်ချင်လို့ ပိုက်ဆံရှိရင်အပြင်ကျောင်းထားလို့ရတာပဲ၊ ကျတော့်ညီဆို ငါးတန်းကို အစိုးရကျောင်းမထားရဲတော့လို့ ပြောင်းလိုက်ရတယ်ကိုယ်တွေ့” ဟု ၎င်းကပြောသည်။
ကိုယ်ပိုင်ကျောင်းများ၏ လက်ရှိတွင် ကျောင်းလခမှာ အလတ်အလတ်ကျောင်းဆိုပါက ငါးလအတွက် ကျပ် ၁၆သိန်းရှိပြီး အဆင့်မြင့်ကျောင်းများသည် ငါးလအတွက် ကျပ် သိန်း ၂၀မှ ၂၅သိန်းအထိ ပေါက်စျေးရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် ငွေကြေးမတတ်နိုင်သည့် မိဘများသည် မိမိကလေးများ နောင်ရေးအတွက် စက်မှုလက်မှုပညာရပ်တစ်ခုကိုသာ သင်ကြားစေရန် အစိုးရကျောင်းများမှ ထုတ်ပယ်မှုများပင်ရှိနေသည်။
“ ကျမကလေးက အရွယ်ရောက်နေပြီ၊ ကလေးပျက်စီးမှာ စိုးတယ်။ ဒီအကြောင်းတွေက နေ့စဉ်လို့ကြားနေရတာ၊ ဒီကျောင်းတွေထားရင် ပျက်စီးသွားမယ်။ အဲ့ဒါကြောင့် ကလေးနောင်ရေးအတွက် ကျောင်းထုတ်လိုက်တော့မယ်။ နောက်နှစ်မှာ ကားဝပ်ရှော့ပို့ထားလိုက်တော့မယ်။ ကျောင်းထားလဲ ဘာမှ မထူးတော့ဘူးလေ” ဟု တောင်ဒဂုံမြို့နယ်မှ ကျောင်းသား မိဘတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း၊ လသာမြို့နယ်ရှ အထက်တန်းကျောင်းတစ်ခုတွင် စစ်ကောင်စီက ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ကျင်းပခဲ့သေးသည်။
သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့လယ်ကဲ့သို့ လမ်းဆုံလမ်းခွကဲ့သို့နေရာများ၌ပင် WY ဆေးပြားများကို စိတ်ကြိုက်ဝယ်ယူ၍ရပြီး ကျပ်တစ်ထောင်လျင် ဆေးပြား ငါးပြားအထိ ရရှိနေခြင်းကြောင့် ကျောင်းသားများပင် သုံးစွဲနိုင်နေသည့် အဖြစ်သို့ ရောက်ရှိနေခြင်းလည်းဖြစ်ဟု မိဘများက သုံးသပ်သည်။
WY ရောင်းချသူများအနေဖြင့်လည်း ရဲများနှင့် စစ်သားများသို့ လိုင်းကြေးပေးပါက ဖမ်းဆီးခံရမှုမရှိကြောင်း WY ရောင်းချနေသူများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် မူးယစ်ဆေးဝါးစုစုပေါင်းတန်ဖို့ အမေရိကန်ဒေါ်လာ ၁၉၂သန်းကျော် ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သေးသည်။