By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသောနေရာများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးကြောင်း ဘုတလင်မြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၇ ရက်၊မွန်းလွဲ သုံးနာရီဝန်းကျင်တွင် ဘုတလင်မြို့ပေါ်ရှိစစ်ကောင်စီတပ်စွဲထားသော CB Bank ၊အထကကျောင်းနှင့် “မိုး”ကိုယ်ပိုင်အထက်တန်းကျောင်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြို့ပေါ်က စစ်တပ် တပ်စွဲတဲ့နေရာ သုံးခုကို တစ်ပြိုင်နက်ဝင်တိုက်တာပါ။အဖွဲ့စုံပါပါတယ်။ဒရုန်း တွေ ၊စက်လတ်တွေ၊RPG တွေ၊လက်နက်ငယ်တွေနဲ့ ဝင်ပစ်တာပါ။ကျနော်တို့ဘက်က လေးယောက် ထိပါတယ်။စစ်တပ်ဘက်ကတော့ ၂၀ ထက်မနည်း သေဆုံးမှုရှိတယ်။ဒရုန်းက ၁၀ စင်း နဲ့ ဗုံးကြဲတာပါ” ဟု ဘုတလင်မြို့နယ်ပကဖ၊ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“မိုးကျောင်းက ဘန်ကာ နှစ်ခုကို ဖြိုနိုင်ခဲ့တယ်။အပေါ်ထပ်က ဘန်ကာကတော့ စက်လတ်သမားရှိတော့ မဖြိုနိုင်ခဲ့ဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ်ပကဖနှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။