ထိုင်းနိုင်ငံဘဏ် Siam Commercial Bank (SCB) သည် ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြခဲ့သည့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာပစ္စည်းများအတွက် ငွေကြေးဝန်ဆောင်မှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်ကို ငြင်းဆိုလိုက်သည်။
ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွမ်အင်ဒရူး ၏ အစီရင်ခံစာတွင် ၂၀၂၃ ဘဏ္ဍာနှစ်၌ ထိုင်းနိုင်ငံမှ မြန်မာစစ်ကောင်စီသို့ တင်ပို့သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းတန်ဖိုးမှာ ၂ဆမြင့်တက်ခဲ့ပြီး ထိုသို့မြင့်တက်သွားခြင်း၌ SCB ဘဏ်မှတစ်ဆင့် ငွေကြေးဝန်ဆောင်မှု အများအပြား ရှိခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့်ဆက်စပ်သည့် လုပ်ဆောင်မှုများကို ဘဏ်အတွင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လက်ရှိတွင် SCB သည် မြန်မာနိုင်ငံသို့ လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ငွေကြေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပြီး အစီရင်ခံစာ၌ ဖော်ပြထားသည့်အတိုင်း လက်နက်ရောင်းဝယ်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းမရှိ ဟု SCB က တုန့်ပြန်ထားသည်။
ထိုင်းဘဏ် ငါးခု အပါအဝင် နိုင်ငံတကာ ဘဏ် ၁၆ ဘဏ်သည် မြန်မာစစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းဝယ်ယူရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးခဲ့ကြောင်း ကုလအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီများက စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးအပ်သည့်ပစ္စည်းများမှာ ရဟတ်ယာဉ်များနှင့် လေယာဉ်များအတွက် အပိုပစ္စည်းများဖြစ်သည့် ရေဒီယိုဆက်သွယ်ရေးနှင့် အိုင်တီပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ၊ ချောဆီနှင့်ဆီကဲ့သို့သော ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများသည် ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေးခဲ့ပြီး ယခင်နှစ်ကထက် ဒေါ်လာ သန်း ၆၀ မြင့်တက်ခဲ့ကြောင်း ကုလအစီရင်ခံစာက ဆိုသည်။