By Haythar / MPA
မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်တွင် ယနေ့ (ဇွန် ၂၇ရက်) ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မိုးကုတ်မြို့အနောက်ပိုင်း၊ကသဲရပ်ကွက်ရှိနေအိမ်ပေါ်သို့လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လူးထရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျ ရောက်ခဲ့ခြင်းကြောင့် အဘွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း မိုးကုတ်မြို့ခံအချို့ထံက သိရသည်။
“ လက်နက်ကြီးတွေကအိမ်တွေပေါ်ကျတာများတယ်။အိမ်တွေဆိုကြေမွကုန်တယ် လေ။ လူးထဘက်ကအဘွားကတော့ ဗိုက်ထိတာ အခုတော့သေပြီ။ ယောကျာ်းလေးတစ်ယောက်လည်း ခြေထောက်ထိထားတယ်” ဟု ကျပ်ပြင်ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
မိုးကုတ်မြို့အနောက်ပိုင်း လူးထရပ်ကွက်၊ကသဲရပ်ကွက်၊ကျပ်ပြင်ရပ်ကွက်နှင့်တောင်ပေါ်ကုန်းရပ်ကွက်များထဲသို့ လက်နက်ကြီးကျရောက်ခြင်းကြောင့် နေအိမ် ၁၂လုံးခန့် ပျက်စီးသွားကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် ပြည်သူ့နေအိမ်များဆီသို့ လက်နက်ကြီးကျရောက်ခြင်းကြောင့် မည်သည့်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်သလဲဆိုသည်ကို အတိအကျမပြောနိုင်သော်လည်း မိုးကုတ်မြို့တိုက်ပွဲအတွင်း ပြည်သူနေအိမ်များဘက်သို့ စစ်ကောင်စီတပ်၏လက်နက်ကြီးများ ဦးတည်ထားပြီး TNLA တပ်၏ လက်နက်ကြီးမှာ စစ်တပ်စခန်းများဆီသို့ သာ ဦးတည်ပစ်ခတ်နေကြောင်းဒေသခံအချို့ထံက သိရသည်။
ယနေ့ညနေ သုံးနာရီဝန်းကျင်မှ စတင်ကာ မိုးကုတ်မြို့အနောက်ပိုင်း၊ကျပ်ပြင်ရဲစခန်းဝင်းအတွင်းရှိ ရဲစခန်းအဆောက်အအုံများမီးလောင်ကျွမ်းနေခဲ့ကြောင်း ကသဲရပ်နေ ပြည်သူတစ်ဦးကပြောသည်။
“ စခန်းထဲမှာမီးလောင်တယ်။မီးတောက်အကြီးကြီးပဲ။ မြို့ထဲကလူတွေတော့ပိတ်မိနေတာပေါ့။ ဘယ်မှပြေးလို့မရဘူး။ အထုပ်တွေထုပ်ပြီး လုံခြုံမယ်ထင်တဲ့နေရာတွေကိုပဲ ရွှေ့ကြတာ” ဟု ၎င်းကပြောသည်။
ယနေ့နံနက်ရှစ်နာရီခွဲမှစတင်ကာ မိုးကုတ်မြို့အနောက်ပိုင်း၊ အေးစေတီတောင်ပေါ်ရှိစစ်တပ်စခန်းကို TNLA တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြို့တွင်းတိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။