By Mandy / MPA
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားနေချိန်၌ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇွန် ၂၅ရက်မှစတင်ကာ ကန့်ဘလူမြို့နယ်ရှိ ၆၀၀၆ အမြှောက်တပ်ရင်းသို့ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရိက္ခာနှင့် လူအင်အားဖြည့်တင်းမှုများကို နေ့စဉ်ပြုလုပ်နေခြင်းဖြစ်သည်။
“၂၅ ရက်နေ့က ရွှေဘိုလေ့ကျင့်ရေးတပ်ကနေ လူတွေသယ်လာပြီး Mi 17 ၃စင်း၊ ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းထဲကိုဆင်းတယ်” ဟု ကန့်ဘလူမြို့နယ်၊ မြေပြင်သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက MPA ကိုပြောသည်။
ရှေ့ထွက် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအပြင် ပျူစောထီးအင်အား ၅၀၀၀ ကျော်ရှိသော ကန့်ဘလူမြို့အား စစ်အင်အားဖြည့်တင်းမှုပြုလုပ်နေခြင်းကြောင့် ကန့်ဘလူမြို့နှင့် အနီးအနားရှိ ဇီးကုန်း၊ ကျွန်းလှ၊ ကောလင်းမြို့နယ်များရှိ ဒေသခံများက စိုးရိမ်ထိတ်လန့်လျက်ရှိသည်။
“ကန့်ဘလူဆိုတာက စစ်တပ်အုပ်စိုးထားတဲ့မြို့ဘဲလေ၊ သူတို့မှာ စစ်သားအင်အားနဲ့ ပျူအင်အားကောင်းနေတာတောင် အင်အားဖြည့်တင်းနေတာဆိုတော့ ၁၀၂၇ စစ်ဆင်ရေးနောက်တစ်လှိုင်းမှာ သူတို့မြို့ပါသွားမှာစိုးလို့လားလို့ ထင်ရတာပေါ့” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက သုံးသပ်သည်။
၂၀၂၃ခုနှစ်က ကန့်ဘလူမြို့နှင့်ကျေးလက်ဒေသ၏ ၅၀ရာခိုင်နှုန်းခန့်အား စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ နယ်မြေစိုးမိုးမှုမှာ ၆၀ရာခိုင်နှုန်းခန့်ထိရှိလာခဲ့သည်ဟု ကန့်ဘလူဒေသတွင်းသတင်းဖြစ်စဉ်များကိုထုတ်ပြန်နေသော Infinity Group က ဖော်ပြထားသည်။
“ဘုန်းကြီးဝါသဝက ဦးဆောင်ပြီး ပျူတွေမွေးတယ်။ စစ်မှုမထမ်းမနေရဆိုပြီး ယောင်္ကျား၊ မိန်းမ၊ လူကြီးလူငယ်မရွေး စစ်မှုထမ်းလူသစ်စုနေတော့ တစ်ချို့ ပျူအားကောင်းတဲ့ရွာကလူတွေ လွတ်ကင်းရာကိုထွက်ပြေးကြတာရှိတယ်။ တစ်ချို့ရွာတွေမှာ ထွက်မပြေးနိုင်အောင် စောင့်ကြပ်နေလို့ ထွက်မရသူတွေလည်းရှိတယ်” ဟု လွတ်မြောက်နယ်မြေတစ်နေရာတွင် စစ်ရှောင်နေသော ကန့်ဘလူမြို့နယ်၊ ဘိုတဲကုန်းကျေးရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်တွင် အတင်းအဓမ္မစစ်မှုထမ်းခေါ်ခြင်းကြောင့် ဒေသခံ ၃၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်မှုထမ်းဥပဒေကိုမလိုက်နာဘဲ ထွက်ပြေးတိမ်းရှောင်သော ပြည်သူများ၏နေအိမ် အလုံး ၂၀နီးပါးချိတ်ပိတ်ခံထားရကြောင်း မြေပြင်အချက်အလက်များအရ သိရသည်။
လက်ရှိ ကန့်ဘလူမြို့နယ်၏ ၆၀ရာခိုင်နှုန်းခန့်အား စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်သော်လည်း စစ်တပ်အထိုင်ချထားသော ချပ်သင်း၊ ကိုးတောင်ဘို့ စသည့်ရွာကြီးများမှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။ ထို့ပြင် ပျူစောထီးအားကောင်းသော ဒေသတစ်ဝိုက်မှ ပြည်သူများမှာ စစ်မှုထမ်းရန် ဖိအားပေးခြင်းခံနေကြရကြောင်း မြေပြင်သတင်းအဖွဲ့များထံမှ သိရသည်။
တော်လှန်ရေးအင်အားစုအားကောင်းသော ကန့်ဘလူမြို့နယ်မြောက်ခြမ်းတွင် ကန့်ဘလူ-ကောလင်း ခရိုင်ချင်းဆက်လမ်းမကြီးအား တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားသဖြင့် ဆေးဝါး၊ အစားအစာနှင့် အခြားလူသုံးကုန်ပစ္စည်းများ စီးဆင်းမှုနည်းပါးပြီး ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်မှုနှင့် ကြုံတွေ့နေရကြောင်း ယောကုန်းကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးကဆိုသည်။
ကန့်ဘလူမြို့နယ်တွင် ယခုကဲ့သို့ စစ်ရေးအင်အားဖြည့်တင်းလာမှုနှင့်အတူ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလလယ်ခန့်မှစ၍ ထိုးစစ်ရပ်နားထားသော ကိုးတောင်ဘို့အထိုင်စခန်းမှ လက်နက်ကြီးသံများလည်း တစ်ကျော့ပြန်ကြားလာရသည်ဟု ဒေသခံများကဆိုကြသည်။
ကန့်ဘလူမြို့တွင် စစ်ကောင်စီက အင်အားဖြည့်တင်းမှုကြောင့် ဖြစ်လာနိုင်ချေရှိသည့် အလားအလာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ဆိုသည်။