By Haythar / MPA
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း အေးစေတီတွင် တပ်စွဲထားသည့် စစ်တပ်ကို ယနေ့ နံနက်ပိုင်းတွင် တအောင်းတပ်မတော်TNLA က ထိုးစစ်ဆင်နေကြောင်း သိရသည်။
မိုးကုတ်မြို့၊ အေးစေတီတွင် တပ်စွဲထားသည့် ခလရ (၈၈) လက်အောက်ခံ လပခ၊ ခလရ ၁၄၈တပ်စခန်းကို ယနေ့ ( ဇွန်လ ၂၇ရက်) နံနက် ရှစ်နာရီခွဲခန့်တွင် စတင်ထိုးစစ်ဆင်နေ ခြင်းဖြစ်ကြောင်း TNLA ကသတင်းထုတ်ပြန်ထားသည်။
“ လက်နက်ကြီးတွေဆက်တိုက်ပစ်နေတယ်။မိုးကုတ်အရှေ့ပိုင်းကနေ အနောက်ပိုင်းကို ရှော့တိုက်ဒုံး ၊ဟောင်ဝှစ်ဇာတွေနဲ့ပစ်ကူနေတယ်။လူနေအိမ်တွေပေါ်ကိုလည်း ကျည်ဆန်တွေကျနေတယ်” ဟု မိုးကုတ်မြို့၊ကျပ်ပြင်ရပ်ကွက်အနီး နေထိုင်သူတစ်ဦးကပြောသည်။
ယနေ့နံနက်ပိုင်းမှစတင်ကာ မိုးကုတ်မြို့အနောက်ပိုင်းဘက်တွင် လက်နက်ကြီးပစ်ခတ်သံများကို ဆက်တိုက်ကြားနေရပြီး ကျပ်ပြင်ရဲစခန်းအနီးရှိ ဒေသခံများသည် မြို့ပြင်ကျေးရွာများသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
မိုးကုတ်မြို့ ကျပ်ပြင်ရပ်ကွက်ထဲတွင် TNLA တပ်များ နေရာယူထားပြီး မြို့တွင်းတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
အေးစေတီစစ်တပ်စခန်းကုန်းသည် မိုးကုတ်မြို့အနောက်ပိုင်း၊ကျပ်ပြင်ရပ်ကွက်အနီးတွင်ရှိပြီး အေးစေတီဘုန်းကြီးကျောင်းဝင်းအတွင်း စစ်တပ်က စခန်းလာချထားခြင်းဖြစ်သည်။
မိုးကုတ်မြို့နယ်၊ ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေသာယာ၊ဗျူဟာစခန်းကုန်း၊ ဖြူရောင်စခန်းနှင့် ပန်းသပြေစစ်ကောင်စီတပ်စခန်းတို့ကို ဇွန်၂၆ရက်နေ့ တွင် TNLA က သိမ်းပိုက်ရရှိထားကြောင်းသတင်းထုတ်ပြန်ထားသည်။