By Ko Paing / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ထန်းရည်သောက်ရန်ထွက်လာသည့်စစ်သားကို PDFတို့က လိုက်လံဖမ်းဆီးရာ သေနတ်ချကာ ထွက်ပြေးသွားကြောင်း သိရသည်။
ယနေ့ (ဇွန်၁၉) နံနက် ကိုးနာရီဝန်းကျင်တွင် ရေစကြိုမြို့နယ်၊ တောင်အိုကျေးရွာ ဂိတ်စခန်းမှ စစ်သား တစ်ဦး ထန်းရည်သောက်ရန် ထွက်လာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင်တပ်ရင်းသုံးက သတင်းထုတ်ပြန်သည်။
“တောင်အိုဂိတ်က စစ်သားတွေ ထန်းရည်လာ၊ လာသောက်တယ်လို့တော့ သတင်းရတာနှစ် ကြိမ်လောက်ရှိပြီ။ကျနော်တို့သွားစောင့်တဲ့အချိန်နဲ့ လွဲ၊ လွဲနေတာ။အခုဖြစ်စဥ်က ထန်းတောမှာ ရောက်နေတယ်လို့ သတင်းကြားလို့ ချက်ချင်းသွားဝိုင်းတာ။တောင်အိုဂိတ်နဲ့ ထန်းတောနဲ့က မီတာ ၅၀၀လောက်ပဲဝေးတာ” ဟု ပခုက္ကူခရိုင်တပ်ရင်းသုံး မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ထွက်ပြေးသွားသည့် စစ်သားထံမှ MA-1 သေနတ် တစ်လက်၊ကျည်ကတ် နှစ်ခုနှင့် ကျည် ၄၅ တောင့် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
“အရှင်လက်ရဖမ်းဖို့ကြိုးစားခဲ့တယ်။ကျနော်တို့သက်ညှာမှုအပေါ် အခွင့်ကောင်းယူပြီး ထွက်ပြေး သွားတယ်။ထန်းတောမှာက ပြည်သူတွေရောရှိနေတာမို့ ကျနော်တို့မပစ်လိုက်တာပါ။ နောက် တစ် ခုက စစ်ကူလာရင် ရင်ဆိုင်ဖို့ ပြင်ဆင်ရတာတွေနဲ့ရောပေါ့။အဲ့ဒါကြောင့် လက်နက်ခဲယမ်းတွေ သိမ်း ပြီးပြန်လာခဲ့တာပါ” ဟု၎င်းကဆိုသည်။
အဆိုပါဖြစ်စဥ် ဖြစ်ပွားပြီးနောက် တောင်အိုဂိတ်စခန်းမှ စစ်သား ၁၀ ဦးခန့်တို့ ထန်းတော အနီးဝန်းကျင်သို့ ရောက်ရှိလာကာ လှည့်ပြန်သွားကြောင်းသိရသည်။