စစ်ကောင်စီက ကြောက်မက်ဖွယ်ရာ စစ်ရေးနည်းဗျူဟာများ အသုံးပြုကာ စနစ်တကျ အကြမ်းဖက်၊ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာပြည်သူများ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ပြောသည်။
ဇွန်၁၈ရက်က ကျင်းပသည့် ၅၆ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေး၌ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မိန့်ခွန်းပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။
“ညနက်သန်းခေါင် ဒရုန်းနဲ့တိုက်ခိုက်တာတွေ၊ လူတွေအိပ်နေချိန် နေအိမ်မီးရှို့တာတွေ၊ ထွက်ပြေးတဲ့လူတွေကို သေနတ်နဲ့ ပစ်သတ်တာတွေနဲ့ ခေါင်းဖြတ်တာတွေလို ကြောက်မက်ဖွယ်စစ်ပွဲနည်းဗျူဟာတွေကို ကျနော်တို့ကြားနေရပါတယ်” ဟု ၎င်းကပြောသည်။
စစ်တပ်က နယ်မြေများစွာကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားခြင်းကြောင့် ပြင်းထန်သည့် စီမံချက်များကို အသုံးချနေကြောင်း အဓမ္မ စစ်မှုထမ်းစေခြင်းနှင့် မြို့ရွာများကို ဗုံးကြဲခြင်းများသည် ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်မှုများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေးကိုလည်း ၎င်းက တိုက်တွန်းသည်။