By Ra Wai / MPA
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ပန်းသပိတ်ဆင်နွှဲသူများကို ဖမ်းဆီးငွေညှစ်ရန် စစ်ကောင်စီခန့် အာဏာပိုင်အချို့က စောင့်ကြည့်နေကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့်မွေးနေ့ဖြစ်သော ယနေ့(ဇွန် ၁၉ရက်)တွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှနေ၍ ပန်းသပိတ်ဆင်နွှဲသူများကို စောင့်ကြည့်ကြရန် ချောင်း ဆုံအာဏာပိုင်အချို့က ၎င်းတို့၏ သတင်းပေးများအား လျှို့ဝှက်ညွှန်ကြားထားကြောင်း ချောင်းဆုံမြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးထံက သိရသည်။
“ဇော်နိုင်ဝင်း (ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး) နဲ့ အပေါင်းအပါတွေ စောင့်ကြည့်နေတာလို့ သိရ တယ်။ သူတို့နဲ့ ပတ်သက်တဲ့ ကြံ့ဖွတ် (ပြည်ခိုင်ဖြိုးပါတီ) နဲ့ဒလန်တွေကို စောင့်ကြည့်ခိုင်းထားတယ်။ စစ်ကောင်စီကို ကြည်ညိုလွန်းလို့ လုပ်တာမဟုတ်ဘူး။ပိုက်ဆံရှာတာ။ပန်းသပိတ်တင်တဲ့သူကို မိရင် ထောင်ထဲမဝင်ချင်ရင် သိန်း၃၀လောက် ပေးပဲ” ဟု ၎င်းက MPAသို့ပြောသည်။
၂၀၂၂ခုနှစ်အတွင်း နိုင်ငံရေးပို့စ်တင်သော ချောင်းဆုံဒေသခံအချို့ ဖမ်းဆီးခံခဲ့ရပြီး တစ်ဦးလျှင် ကျပ် သိန်း၃၀ ဝန်းကျင် ပေးမှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
“နိုင်ငံရေးကိစ္စဆိုရင် အကောင့်အတုနဲ့ တင်ကြပေမဲ့ ရပ်ထဲရွာထဲမှာရှိတဲ့ ဒလန်တွေက သတင်းပေးလို့ အဖမ်းခံရတာတွေရှိတယ်။ဒလန်တွေကလည်း သတင်းပေးနိုင်ရင် ပိုက်ဆံခွဲတမ်းရတော့ အခုလို နေ့ မျိုးမှာ ဒီကောင်တွေ စောင့်ကြည့်လေ့ရှိတယ်” ဟု ချောင်းဆုံမြို့၊ အရှေ့ပိုင်းရပ်ကွက်သားတစ်ဦးက ပြော သည်။
ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးဇော်နိုင်ဝင်း၊ ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးဥက္ကဌနှင့် ချောင်းဆုံမြို့နယ်စီမံကောင်စီအဖွဲ့ဝင် မျိုးဝင်းနှင့် ချောင်းဆုံ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) ဖြိုးမင်းထွန်း တို့ဦးဆောင်သောအဖွဲ့သည် ချောင်းဆုံမြို့နယ် အတွင်းရှိ ပြည်သူများကို ဒုက္ခပေးကာ တရားမဲ့စီးပွားရှာနေကြသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။