By Poe Sangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တအောင်တပ်မတော် TNLA တပ်သားတစ်ဦး ကျဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၊အုမ္မတီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး လေးလုံးပစ်ခတ်ခဲ့ရာ TNLA တပ်စခန်းရှိရာသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဇွန်၁၈ရက်ညတွင် TNLA က သတင်းထုတ်ပြန်သည်။
“ဟုတ်တယ်။ စကစက ဒရုန်းနဲ့အရင်လာပစ်ပြီး လက်နက်ကြီး နောက်ထပ် ပစ်လာတယ်။ စခန်းမှာ လာကျတော့ ရဲဘော်တွေထိသွားတယ်။ TNLA ဘက်တော့ တုံ့ပြန်တာမရှိသေးဘူး” ဟု နောင်ချိုမြို့နယ်အတွင်းရှိ TNLAနှင့် နီးစပ်သောသတင်းရင်းမြစ်က MPAသို့ပြောသည်။
ဇွန်လ၁၈ရက် ညနေပိုင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် TNLA တည်ရှိရာသို့ နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဇွန်လ ကိုးရက်နေ့တွင်လည်း မိုးမိတ်မြိုနယ်၊ မန်ပိန်းနှင့် ပန်တင်ရွာကြားရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA တပ်သား သုံးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သေးသည်။
လက်ရှိတွင် ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့ကြား စစ်ရေးတင်းမာလျက်ရှိသည်။