By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မန္တလေး-မုံရွာ လမ်းမကြီးပေါ်တွင် ကြေးနီတင်ဆောင်လာသော ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးတိမ်းမှောက်သွားကြောင်း Dog Killers People’s Defense Force Myinmu (DK PDF-MMU) က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇွန်၁၈ရက်) ညနေ လေးနာရီ ၄၅ မိနစ်ခန့်တွင် ကြေးနီတင်ဆောင်ကာ မုံရွာမြို့ဘက်မှ ထွက် ခွာလာသော ယာဥ်တန်းကို မြင်းမူမြို့နယ်၊ဝမ်းပြည့်ရွာနှင့်အာလကပ္ပရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ရာ ကြေးနီတင်ဆောင်လာသည့် ကားတစ်စီးတိမ်းမှောက်သွားပြီး နောက်တစ်စီးမှာ လမ်းဘေးထိုးကျ သွားကြောင်းသိရသည်။
“ကျတော်တို့ မိုင်းဆွဲတဲ့ကားက မိုင်းကွင်းထဲကျပြီး မှောက်သွားတာပါ။ကျတော်တို့ မိုင်းဆွဲတဲ့နေရာက အထိုင်စခန်းနဲ့နီးတော့ အဲ့ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တော့ ကျတော်တို့လည်း အနားထိကပ်လို့မရတော့ပဲ ပြန်ဆုတ်လာခဲ့ရပါတယ်။ကားကိုတော့ မကြာဘူး၊ ပြန်ဆွဲသွားတယ်လို့ တော့သိရတယ်” ဟု Dog Killer People Defense Force Myinmmu(DK PDF -MMU) တာဝန်ခံက MPAသို့ ပြောသည်။
ထို့အပြင် ယနေ့နံနက် ရှစ်နာရီ၄၅ မိနစ်ဝန်းကျင်တွင်လည်း မြင်းမူမြို့နယ်၊အာလကပ္ပရွာအရှေ့ဘက် ဆီဆိုင်အနီးရှိ မိုင်းကွင်းသို့ ရောက်ရှိလာသောကင်းပုန်းဝပ် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦး ထိခိုက်ခဲ့ကြောင်းသိရသည်။
“နေရာမှာပဲ လဲကျသွားတာကို တွေ့လိုက်ရတယ်။သေလား၊ ရှင်လားဆိုတာတော့ ကျတော်တို့မသိရဘူး” ဟု၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုများကို Dog Killers People’s Defense Force Myinmu (DK PDF-MMU)၊ ဒေါင်းဖြူ PDFနှင့်STANDARD REVOLUTION FORCE-SRF MMUတို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။