By Ko Paing / MPA
ချင်းပြည်နယ်၊ မတူပီမြို့ရှိ ခမရ ၃၀၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး ဟောင်ဝှစ်ဇာအမြောက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ချင်းညီနောင်က ယနေ့(ဇွန်၁၈ရက်) သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၇ ရက်နေ့တွင် မတူပီအခြေစိုက် ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တပ်များ ပူးပေါင်းကာ အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသည့် ဗျူဟာကုန်းနှင့်ခလရ-၁၄၀တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။
“၁၇ ရက်နေ့က ၃၀၄ ကုန်းကို သိမ်းပြီးသွားပါပြီ။၃၀၄ကလည်း မတူပီရဲ့ စစ်ကောင်စီစခန်းမှာ ပထဝီအရ အခက်ဆုံးစခန်းဖြစ်ပါတယ်။သူတို့က ကုန်းမြင့်မှာနေရာယူထားတော့ ကျတော်တို့က အတက် သူတို့ကအပေါ်က ပစ်တဲ့အနေအထားဆိုတော့ ကျတော်တို့ အကျအဆုံးအများကြီးနဲ့ သိမ်းခဲ့ပါတယ်။ဗျူဟာကုန်းနဲ့မတူပီမြို့ရဲ့မြောက်ဘက်မှာရှိ ခလရ၁၄၀ ကိုသိမ်းနိုင်ပြီဆိုရင်တော့ ချင်းပြည်နယ်တောင်ပိုင်း တစ်ခုလုံးလွတ်မြောက်ပြီလို့ပြောလို့ရပါတယ်” ဟု ချင်းညီနောင်မှ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက MPAသို့ ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း၏ အထိုင်မဟာဗျူဟာဖြစ်သော မတူပီမြို့ကို ဇွန်လကိုးရက်နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့မရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို ဇွန်လ ၁၃ ရက်က သိမ်းပိုက်နိုင်ခဲ့သည်။
မေလ ၂၇ ရက်ကလည်း တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများဖြစ်သော EPC လျှပ်စစ်ရုံးစခန်း နှင့်တာဝါတိုင်စခန်း နှစ်ခုကို ချင်းညီနောင်တပ်ဖွဲ့က အပြီးသတ်သိမ်းယူနိုင်ခဲ့ရာ စစ်သား ခုနှစ်ဦး သေဆုံးပြီး ကိုးဦးအရှင်ဖမ်းဆီးမိကာ လက်နက်ကြီး၊လက်နက်ငယ် ၁၇ လက် သိမ်းဆည်းမိခဲ့ ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း စစ်ကောင်စီလုံးဝကင်းစင်ရန်အတွက် ပြည်တွင်း၊ပြည်ပရှိ ပြည်သူများအနေနှင့် ဆက်လက်ထောက်ပံ့ ကူညီအားပေးကြရန် ချင်းညီနောင်က မေတ္တာရပ်ခံထားသည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-204202_002.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-204202_003.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-204202_004.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-204202_005.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-204202_006.jpeg)