By Ra Wai / MPA
ဇွန်လ ၁၈ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးခဲ့သည့် အမျိုးသမီး ၂၃ဦးထဲတွင် အသက်တစ်နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် အမှတ်၃၁၀ အမြောက်တပ်ရင်းက ဇွန်လ၁၄ရက်၊မွန်းလွဲတစ်နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊စစ်ကွင်းကျေးရွာအနီးရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ယင်း ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိ အသက် ၁၄ နှစ်အရွယ်ရှိ မနန္ဒာလင်းမှာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် တစ်နှစ်အရွယ် မရွှေဇင်လင်းမှာ ကျည်စထိမှန် ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့(ဇွန်၁၈ရက်)ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
“တိုက်ပွဲမဖြစ်ဘဲ ဘာလို့ပစ်သလဲဆိုတော့ ကြောက်ပစ်ပစ်နေတာ။PDFနဲ့ KNU ဆင်းလာမှာကြောက် ပြီး လျှောက်ပစ်တာ။ကျည်လည်းပေါတယ်။သူတို့ပစ်လိုက်တဲ့ကျည်က ဘယ်နေရာကျကျ၊ဘယ်ပြည် သူထိထိ ဘာမှအရေးယူခံရတာမျိုးမရှိဘူးလေ။ အဲဒါကြောင့် ပစ်တာ။ပြည်သူတွေသေ အေးတာပဲဆို ပြီး ပစ်နေတာ” ဟု ကျိုက်ထိုမြို့၊ကော့စံနိုင်ရပ်ကွက်နေ ပြည်သူတစ်ဦးက MPAသို့ ပြောသည်။
ကျိုက်ထို၊ဘီးလင်းနှင့်သထုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူတို့မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်ရမ်းပစ်နေမှုကြောင့် ကံကိုသာပုံချကာ တထိတ်ထိတ်ဖြင့် နေ၊နေရကြောင်း ၎င်းက ဆိုသည်။
ဇွန်လတစ်ရက်မှ ၁၈ရက်အထိ စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးများထဲတွင် အသက် ၁၈နှစ်အောက် လေးဦးနှင့် အသက်၆၀နှစ်အထက် ခြောက်ဦး ပါဝင်ကြောင်း AAPP ကဆိုသည်။
သေဆုံးခဲ့သော အမျိုးသမီး၂၃ ဦးအနက် ၁၂ဦးမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဇွန်လနှစ်ရက်တွင်လည်း သိမ်ဇရပ် အမှတ်၃၁၀ အမြောက်တပ်ရင်းက ကျေးရွာများဘက်သို့ လက်နက်ကြီး အလုံး၄၀နီးပါး ပစ်ခတ်ခဲ့ရာ သီလရှင်တစ်ပါးနှင့်ပြည်သူတစ်ဦး လက်နက်ကြီးထိ မှန်ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့သေးကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ KRIN က ထုတ်ပြန် ခဲ့သည်။