ရခိုင်ပြည်နယ်၊ မောင်တောမြို့ တိုက်ပွဲများအတွင်း ပိတ်မိနေမည်ကို သောင်းနှင့်ချီသည့် ရိုဟင်ဂျာများ စိုးရိမ်နေကြကြောင်း Reuters သတင်းက ဇွန်လ ၁၇ ရက် တွင် ဖော်ပြသည်။
မောင်တောဒေသခံပြည်သူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တောမြို့သူမြို့သား များအနေဖြင့် ဇွန်လ၁၆ရက်၊ညကိုးနာရီမှစတင်ကာ မောင်တောမြို့တွင်းမှ အမြန်ဆုံးထွက်ခွာသွားကြရန် ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။
AA က ယင်းသို့သတိပေးထားသော်လည်း စစ်ကောင်စီ စစ်သားများသည် မောင်တောမြို့ထဲရှိ နေရာတိုင်းတွင်ပိတ်ဆို့ထားပြီး ထွက်ခွာရန် လုံခြုံသည့်လမ်းကြောင်း မရှိသောကြောင့် မောင်းတောနှင့်အနီးတစ်ဝိုက်ရှိ ရိုဟင်ဂျာအများအပြား ထွက်ပြေးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံ ရိုဟင်ဂျာတစ်ဦးဖြစ်သည့် ကိုမျိုး က ပြောသည်။
“တိုက်ပွဲတွေ နီးကပ်လာတာနဲ့အမျှ မောင်တောမှာ ရှိနေတဲ့ ရိုဟင်ဂျာ ၇၀,၀၀၀ လောက် ပိတ်မိနေပါတယ်။ သူတို့ ပြေးစရာနေရာမရှိဘူး” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုး က ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ နောက်ထပ် ရွှေ့ပြောင်းလာမည့်သူများကို ဖြတ်ကျော်ခွင့် မပြုတော့ကြောင်း ဇွန်လ၁၇ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ မေလအစီရင်ခံစာတွင် စစ်ကောင်စီနှင့် AA နှစ်ဘက်စလုံးသည် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ရိုဟင်ဂျာအရပ်သားများကို ကာကွယ်ရေးအတွက် လုံလောက်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သည် ဟု ဖော်ပြထားသည်။