By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ထိမှန်ကာ ဖခင်သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဇွန်လ ၁၇ရက်၊ ည ကိုးနာရီခွဲဝန်းကျင်က ရေဦးမြို့၊ တိုင်းရင်းဆေးရုံအခြေစိုက်စစ်တပ်က ၁၂၀ (မမ) လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့ရာ ရေဦးမြို့နယ်မြောက်ဘက်ခြမ်း၊ ဖိန်းကားရွာအနီးရှိ ဆန်စက် အလုပ်သမားတန်းလျားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရေဦးမြို့နယ်ပကဖထံက သိရသည်။
“ ရေဦးတောင်ဘက်ခြမ်းကနေ ဆန်စက်ကို အလုပ်လာလုပ်တာ။ အလုပ်သမားတန်းလျားထဲမှာ အိပ်နေတဲ့နေရာကိုကျတာ။ သားအဖနှစ်ယောက်ထိတာ။ အဖေက ဆေးရုံသွားပို့တဲ့လမ်းမှာတင် ဆုံးသွားတာ။ သမီးကတော့ ခါးထိတာ” ဟု ၎င်းကMPAသို့ ပြောသည်။
လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသည့်အမျိုးသားမှာ အသက် ၃၈နှစ်အရွယ်ဖြစ်ပြီး အသက် ၁၉နှစ်အရွယ်ရှိ သမီးဖြစ်သူမှာ မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရေဦးမြို့၊ တိုင်းရင်းဆေးရုံရှိ စစ်ကောင်စီတပ်သည် PDF ထိန်းချုပ်ရာနယ်မြေများသို့ လက်နက်ကြီးဖြင့် အမြဲမပြတ် ပစ်ခတ်လျက်ရှိသည်။