မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေမှာ အလွန်စိုးရိမ်နေရကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ဇွန်၁၆ရက်၊ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၂၄ခုနှစ်၊ ဧပြီလကုန်မှစ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၁၁၂,၀၀၀ ကျော် အပါအဝင် လူ ၃ ဒဿမ ၁ သန်းကျော် ပြည်တွင်းနေရပ်ရွှေ့ပြောင်းခဲ့ရကာ ၎င်းတို့သည် မရေရာသော အခြေအနေတွင် ရှိနေကြပြီး အသက်ရှင်သန်ရန် အကူအညီများ လိုအပ်နေကြောင်း အစီရင်ခံစာက ဆိုသည်။
ကလေးများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက် (HAC) အဖြစ် တောင်းခံထားသည့် ရန်ပုံငွေ၏ ၁၁ ရာခိုင်နှုန်းကျော်သာ ရရှိသေးသောကြောင့် ရံပုံငွေမလုံလောက်မှုမှာ သိသာထင်ရှားသော အတားအဆီးတစ်ခုဖြစ်ကြောင်းလည်း ဆိုသည်။
ခန့်မှန်းခြေ ကလေး ၂ ဒဿမ ၁ သန်းအပါအဝင် လူဦးရေ ၃ ဒဿမ ၁ သန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် UNICEF Myanmar Country Office က ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၈ ဒဿမ ၃ သန်း တောင်းခံခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ၎င်းတောင်းခံခဲ့သည့် ရန်ပုံငွေ၏ ၁၁ ဒဿမ ၁ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၃ ဒဿမ ၁ သန်းသာ လက်ခံ ရရှိသေးကြောင်း သိရသည်။
အထူးသဖြင့် မုတ်သုံရာသီစတင်ချိန်တွင် ကလေးများနှင့် ၎င်းတို့၏မိသားစုများအတွက် ချက်ချင်းအကူအညီပေးရန် အချိန်နှင့်လုံလောက်သော ရန်ပုံငွေသည် အရေးကြီးကြောင်း ဆိုသည်။
နယ်မြေဝင်ရောက်ခွင့် ကန့်သတ်ချက်၊ စစ်ဆေးရေးဂိတ်များတွင် ပိတ်ဆို့မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ဘဏ်လုပ်ငန်းဆိုင်ရာ ပြဿနာများနှင့် မတူညီသော လက်နက်ကိုင်အဖွဲ့များက အတင်းအကျပ် တပ်သားသစ်စုဆောင်းမှုများကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိရောက်စွာ ပေးနိုင်ရန် သိသိသာသာ စိန်ခေါ်မှုဖြစ်စေကြောင်းလည်း ဖော်ပြထားသည်။