နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံထားရသည့် သုံးနှစ်ကျော် ကာလအတွင်း စာတစ်စောင်သာ လက်ခံရရှိသေးကြောင်း သားဖြစ်သူ Kim Aris က ပြောကြားသည်ဟု အီတလီသတင်းစာ “La Repubblica” က ဇွန်၁၆တွင် ဖော်ပြသည်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာ ခံစားနေရကာ အစာမစားနိုင်ကြောင်း ကြားသိရသဖြင့် ဆေးတချို့ ပို့ပေးခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ထံမှ စာတစ်စောင် ရောက်ရှိလာကြောင်း Kim Aris က ဆိုသည်။
“အမေ့ဆီ ဆေးပို့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ဇန်နဝါရီလက မယုံနိုင်စရာကောင်းလောက်အောင် အမေ့လက်မှတ်ထိုးထားတဲ့ စာတစ်စောင်ကို ကျနော်တို့ ရခဲ့တယ်။ စာထဲမှာ ဆေးပေးလိုက်လို့ ကျေးဇူးတင်ကြောင်းနဲ့ ကျန်းမာရေးကတော့ မကောင်းသေးဘူးလို့ ရေးထားတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခဲ့သည်။
ထို့နောက် စစ်ကောင်စီတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်၃၃နှစ်ချမှတ်ခဲ့ကာ ပြီးခဲ့ သည့်ဧပြီလတွင် နေပြည်တော်ထောင်မှ အခြားတစ်နေရာသို့ စစ်ကောင်စီက ပြောင်းရွှေ့ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိသည့်နေရာအား စစ်ကောင်စီက မိသားစုထံ အသိပေးခြင်း မရှိသေးကြောင်း Kim Aris ကဆိုသည်။
Ref; La Repubblica