by Mandy / MPA
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်တပ်က နေအိမ် ၆၀၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အိမ်ထောင်စု ၈၀၀နီးပါးသည် ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များထံမှ စုံစမ်းသိရှိရသည်။
“အာဏာသိမ်းပြီးနောက်ပိုင်း တစ်မြို့နယ်လုံးအတိုင်းအတာအနေနဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူပိုင်နေအိမ်ပေါင်း ၆၀၀၀ ကျော်ရှိပြီး နေအိမ်စွန့်ခွာနေကြတဲ့ အိမ်ထောင်စုပေါင်းက ၇၀၀ကျော် ၈၀၀နီးပါးရှိတယ်” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်စခန်းဟူ၍ အတိအကျမရှိဘဲ နေအိမ်မီးရှို့ခံရသော နေရပ်စွန့်ခွာပြည်သူများသည် နီးစပ် ရာ ကျေးရွာများရှိဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆွေမျိုးများထံတွင် ဖြစ်သလို နေကြရပြီး နေအိမ်မီးရှို့ခံပြည်သူအများစုမှာ မီးလောင်သွပ်များကို အမိုး၊ အကာအဖြစ်ပြုလုပ်ကာ နေထိုင်ကြရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
“ကုန်စျေးနှုန်းတွေတက်လာတော့ အကူအညီပေးရတာ အတော်လေးခေါင်းကိုက်ရတယ်။ အရင်က စစ်ရှောင်တွေကို တစ်အိမ်ထောင် ဆန် ၆ပြည်၊ ဆီ ၅၀သား ဝေနိုင်ခဲ့ပေမဲ့ အခု တစ်အိမ်ထောင် ဆန် ၂ပြည်၊ ငွေတစ်သောင်းတောင် အရင်လို မြန်မြန် အိမ်စေ့မကူနိုင်တော့ဘူး” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဒီပဲယင်းမြို့နယ်တွင် ယခင်က ဆန် ၂၄ပြည်တစ်အိတ်လျှင် ၆,၀၀,၀၀ကျော်သာရှိခဲ့ရာ ယခုကာလပေါက်စျေး ၁၂,၀၀,၀၀ကျော်ထိမြင့်တက်လာသဖြင့် စစ်ရှောင်များအတွက် စားနပ်ရိက္ခာလောက်ငအောင် ကူညီနိုင်ရန် အခက်အခဲဖြစ်သည်ဟု ၎င်းအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။
ဒီပဲယင်းမြို့နယ်တွင် နေရပ်စွန့်ခွါပြည်သူများထဲမှ အမှန်တကယ်လိုအပ်ပြီး အခက်အခဲရှိသော ပြည်သူများအတွက် အညာတဲအိမ်များ ဆောက်လုပ်လှူဒါန်းခြင်းအစီအစဉ်များရှိပြီး အညာတဲအိမ်တစ်လုံးလျှင် အလှူငွေ ၂၅,၀၀,၀၀ကျပ်နှုန်းဖြင့် ပေးလှူနေခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ရေတွင်းနှင့်အိမ်သာများအပြင် ဆေးဝါးလိုအပ်ချက်များလည်း ရှိနေသည်ဟု ၎င်းစစ်ရှောင်များကို ကူညီပေးနေသော ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“ဒီကာလမှာ နေရတာ အရမ်းခက်ခဲတယ်။ စိတ်လုံခြုံမှုလည်းမရှိဘူး” ဟု ဒီပဲယင်းမြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။
ဒီပဲယင်းမြို့နယ်သည် တော်လှန်ရေးသမိုင်းအစဉ်အလာ ကြီးမားသည့်ဒေသဖြစ်သည့်အလျောက် စစ်ကောင်စီတပ်၏ နယ်မြေစိုးမိုးမှုရရှိရန် မြေပြင်၊ဝေဟင်မှ ထိုးစစ်ဆင်ခံနေရသော ဒေသဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာ၊ ၁၆ရက်တွင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာ နှစ်စင်းအပါအဝင် ရဟတ်ယာဉ်လေးစင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ကျောင်းသားများ သေဆုံးခဲ့သည့်အပေါ် နိုင်ငံတကာအစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများကလည်း ကန့်ကွက်ခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ စစ်တပ်သည် မြေပြင်အင်အားနည်းပါးလာသည့်နောက်ပိုင်း လေကြောင်းအသုံးပြုတိုက်ခိုက်မှုများပြားလာရာ ၂၀၂၄ခုနှစ်၊ ဧပြီ၊ ၁၁ရက်တွင်လည်း ဒီပဲယင်းမြို့နယ်၊ မန်းကျည်းအုပ်ရွာစာသင်ကျောင်း၌ Drone သင်တန်းပြုလုပ်နေစဉ် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံး၊ ၄လုံးလာချသဖြင့် ရဲဘော်နှင့်ပြည်သူ ၈ဦးသေဆုံးခဲ့ပြီး ၂၈ဦး ဒဏ်ရာရရှိခဲ့သည်။
“ဒီပဲယင်းမြို့နယ်ရဲ့ ၉၀ရာခိုင်နှုန်းကျော်ကိုတော့ နယ်မြေစိုးမိုးမှုရရှိထားပြီးပါပြီ” ဟု ဒီပဲယင်းမြို့နယ်တွင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
လက်ရှိတွင် ဒီပဲယင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးမှုအလုံးစုံရရှိရန် ကြိုးပမ်းလျက်ရှိပြီး စစ်ကောင်စီဘက်က မကြာခဏ လေကြောင်းနှင့် မြေပြင်စစ်ကြောင်းမှ ထိုးစစ်ဆင်လျက်ရှိသည်။
UNHCR ၏ ၂၀၂၄ခုနှစ်၊ မေ၊ တစ်ရက်နေ့ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းတွင်း စစ်ဘေးရှောင်ဦရေ ၁ဒသ၂သန်းရှိကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် လူနေအိမ်ပေါင်း ၈၃၇၀၀ ကျော်ရှိကြောင်း Data for Myanmar ကထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဉ်များအနက် စစ်ကိုင်းတိုင်းတွင် ၂၀၂၄ခုနှစ်၊ မတ်လအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်ပေါင်း ၁၈၅၁ နှင့် ဧပြီလတွင် ၉၉၇ အိမ်ရှိကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။