By Nway / MPA
မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို သန်းခေါင်ကျော်အချိန်တွင် အာဏာပိုင်တို့က ပြင်ပသို့ ခေါ်ထုတ်သွားပြီး မည်သည့်နေရာသို့ ပို့ဆောင်သလဲ ဆိုသည်ကို မသိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ထံက သိရသည်။
ယနေ့ ( ဇွန်လ ၁၅ ရက် ) နံနက်နှစ်နာရီခွဲခန့်တွင် ကျိုက်မရောအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို စတင်ခေါ်ထုတ်ခဲ့ပြီး ယင်းနိုင်ကျဉ်းများတွင် အမျိုးသမီး ၆၀ ခန့် ပါဝင်ကြောင်းသိရသည်။
“ လက်ရှိတော့ ရွှေ့ပြောင်းတဲ့နေရာကို မသိရသေးဘူး။ အဓိကတော့ ရှေ့ပိုင်းက ထောင်တွင်းဆန္ဒပြပွဲတွေမှာ အစာငတ်ခံ ဆန္ဒပြခဲ့တဲ့သူတွေ။ ထောင်ထဲမှာ အကျဉ်းသားတွေအတွက် ထဲထဲဝင်ဝင်ဦးဆောင်တဲ့သူတွေ ၊ ပြီးခဲ့တဲ့ ဇွန်လ ၁၂ရက်နေ့က အမြင့်ပေ ၂၀ အုတ်ရိုးပေါ်က အကျဉ်းသားတစ်ဦး ပြုတ်ကျတဲ့ဖြစ်စဉ်မှာ ဝိုင်းဝန်းတောင်းဆိုပေးကြတဲ့ နိုင်ကျဉ်းအမျိုးသမီးတွေနဲ့ တခြားအမျိုးသမီးတွေလည်း ပြောင်းရွှေ့ခံရတယ်လို့ သိရပါတယ်” ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။
ပြောင်းရွှေ့ခံရသည့်နေရာကို မသိရသေးသဖြင့် နိုင်ကျဉ်းမိသားစုဝင်များအနေဖြင့် ထောင်များတွင် မေးမြန်းစုံစမ်းသင့်ကြောင်း ၎င်းက ပြောသည်။
“ ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း ကျတော်တို့ နိုင်ငံရေးအကျဉ်းသားတွေ အသက်ပေးခဲ့ရတဲ့လဖြစ်ပါ တယ်။ ထောင်ပြောင်းရွှေ့တယ်ဆိုပြီး ခေါ်ထုတ်တယ်။ လမ်းခရီးတစ်နေရာမှာ ပစ်သတ်ခဲ့တဲ့အတွက် နိုင်ကျဉ်း ၁၀ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာပါ။ ခု ကျိုက်မရောထောင်ကိစ္စ ကလည်း ညွှန်မှူးရဲ့ ညွှန်ကြားချက်နဲ့ ပြောင်းရွှေ့တယ်လို့ သိရတဲ့အတွက် စိုးရိမ်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဇွန်လ ၁၂ ရက်၊ ညနေ ငါးနာရီကျော်က ကျိုက်မရောအကျဉ်းထောင် အမျိုးသမီးအဆောင်နှင့်အမျိုးသားအဆောင်ကြား အုတ်ရိုးပေါ် သွပ်ကာရာမှ အကျဉ်းသားတစ်ဦး ဓာတ်လိုက်၍ အမြင့်ပေ ၂၀ကျော် အုတ်ရိုးအထက်မှ ပြုတ်ကျခဲ့ကြောင်း ယင်းပြုတ်ကျခဲ့သည့် အကျဉ်းသားအား ဆေးဝါးကုသနိုင်ရန် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။