၂၀၂၃ ခုနှစ်နှင့်ယခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ အတင်းအကျပ် နေရပ်ရွှေ့ပြောင်းခံရမှုများသည် အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း ကုလအစီရင်ခံစာက ဖော်ပြသည်။
ယခင်နှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ၌ သန်းနှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဂါဇာတွင် ၁ဒဿမ၇သန်းနှင့် ဆီးရီးယားတွင် ၁၃ဒဿမ၈သန်း ရှိကြောင်း ဂျီနီဗာတွင် ဇွန်လ၁၃ရက်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) 2024 ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
“ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာ မရေမတွက်နိုင်တဲ့ လူသားအဖြစ်ဆိုးတွေ ရှိနေပါတယ်။ အတင်းအကျပ် နေရပ်ရွှေ့ပြောင်းခံရမှုရဲ့ မူလဇစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာအ သိုက်အဝန်းကို အရေးတကြီး လှုံ့ဆော်ပေးရမယ်” ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ပြောသည်။
အတင်းအကျပ် နေရပ်ရွှေ့ပြောင်းခံရမှုများသည် ၁၂ နှစ်ဆက်တိုက် နှစ်စဉ်တိုးလာခဲ့ပြီး ၂၀၂၄ ခုနှစ် မေလတွင် သန်း ၁၂၀ သို့ ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။
အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် တစ်ကမ္ဘာလုံးရှိ ပြည်တွင်းနေရပ်စွန့်ခွာရသူ ငါးသန်းကျော်ရှိပြီး ဒုက္ခသည် တစ်သန်းကျော် နေရပ်သို့ ပြန်လာခဲ့ကြသည်။