By Bala / MPA
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နွေဦးတမာန်တော်လှန်ရေးထောက်ပို့ရုံးခန်းကို မြန်မာစစ်ကောင်စီ၏ တိုင်ကြားမှုကြောင့် ထိုင်းအာဏာပိုင်တို့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ ၁၀ရက်၊ ထိုင်းစံတော်ချိန် ညနေငါးနာရီခွဲကျော်တွင် မဲဆောက်မြို့ရှိ နွေဦးတမာန်တော်လှန်ရေးထောက်ပို့ရုံးခန်းအတွင်း ထောက်ပို့တာဝန်ခံလင်မယားနှင့် ထောက်ပို့ရဲဘော် အမျိုးသားနှစ်ဦးတို့ ရှိနေစဉ် ထိုင်းအာဏာပိုင် ၁၅ဦးဝန်းကျင် ရောက်ရှိလာကာ တစ်နာရီကျော်ကြာ စစ်ဆေးခဲ့ကြောင်း နွေဦးတမာန် ထောက်ပို့ပြန်ကြားရေး CDM ကျောင်းဆရာ နွေဦးနိုင် (ပဲခူး) က ပြောသည်။
“ စစ်တပ်ကတိုင်တာဟုတ်ပါတယ်။ဒီဘက်က(ထိုင်းအာဏာပိုင်)မြန်မာပြည်သား စကားပြန်ပြန်ပြော ပုံအရ ထောက်ပို့တာဝန်ခံ အကောင့်ကို ဒလန်ကနေ စစ်တပ်ကိုလှမ်းပို့တယ်။စစ်တပ်ကနေ ထိုင်း ဘက်ကို လှမ်းပြီးစစ်ဆေးခိုင်းတာပေါ့။စစ်ကောင်စီဘက်က ဓာတ်ပုံ၊ဗီဒီယိုပုံတွေပို့ပေးလို့မှာတယ် ပြောတယ်။ရုံးခန်းLocationက ဘယ်လိုပေါက်သလဲဆိုတော့ ဒီဘက်က တစ်ယောက်လည်း ပါတာ ကြောင့်လို့ ပြောလို့ရတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးစဉ် လက်နက်ခဲယမ်း တစ်စုံတစ်ရာမတွေ့ရှိခဲ့ကြောင်းနှင့် ရုံးခန်းအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ၊ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့် ဓာတ်ပုံနှင့် တော်လှန်ရေးအလံများကို သိမ်းဆည်းသွားခဲ့ပြီး ဖမ်းဆီးခံရသူ တစ်ဦးမျှ မရှိကြောင်း နွေဦးနိုင် (ပဲခူး) က ပြောသည်။
“ အကုန်လုံးက အထောက်အထားအပြည့်အစုံရှိတယ်။အဲ့ဒါကို ထောက်ပို့တာဝန်ခံကို နောက်ကနေကန်သွားတယ်။တကယ်လို့များ ကန်လို့ ခုံပေါ်ပြုတ်ကျပြီး သေသွားရင် ဘယ်လိုတာဝန်ယူမလဲပေါ့။ပြီးတော့ ကျွန်တော်တို့ရိုက်ထားတဲ့ မှတ်တမ်းတွေကိုလည်း ဖျက်သွားတယ်။ဓာတ်ပုံတွေနဲ့ အလံတွေပါသိမ်းသွားတယ်။ထိုင်းစစ်တပ်၊တောမော(ထိုင်းလဝက)နဲ့ ရဲတွေလာစစ်တာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသို့ ကိုယ်ထိလက်ရောက် နိုင်ထက်စီးနင်းစစ်ဆေးမှုကို နိုင်ငံတကာ သိအောင်ချပြသွားမည်ဖြစ် ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် လူ့အခွင့်အရေးဆုံးရှုံးမှုအပေါ် မည်ကဲ့သို့ တာဝန်ယူလုပ်ဆောင်ပေးသွားမည်နည်းဟုလည်း ၎င်းက ဆိုသည်။