By Ko Paing / MPA
ချင်းတွင်းမြစ်ရေတွင် အဆိပ်အတောက်များ ပါဝင်နေသဖြင့် နှစ်ပတ်တာ လုံးဝ အသုံးမပြုကြရန် ကနီဒေသခံများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကနီမြို့နယ်ကျန်းမာရေးဌာနက သတိပေးတား မြစ်လိုက်သည်။
ကနီဒေသခံများအနေနှင့် ဇွန်လခြောက်ရက်နေ့မှစ၍ နှစ်ပတ်အတွင်း ချင်းတွင်မြစ်ရေကို သောက်သုံးခြင်း၊ချိုးရေအဖြစ်အသုံးပြုခြင်းနှင့်အဝတ်လျှော်ဖွတ်ခြင်းတို့ မပြုလုပ်ကြရန် သတိပေး ထားသည်။
“ချင်းတွင်းမြစ်ရိုးတစ်လျှောက်က ချောင်းလက်တက်တွေမှာ ရွှေကျင်လို့ မြစ်ရေက မသန့်တော့တာ။အဓိကတော့ ပြဒါး၊မာကျူရီတွေ၊ဟိုက်ဒရိုဂျင်ဆာရာနိုက်တွေကို မြစ်ထဲကို စည်းမဲ့ကမ်းမဲ့ ပစ်တာကြောင့်ပါ” ဟု ကနီမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ချောင်းလက်တက်များတွင် စည်းကမ်းမဲ့ ရွှေတူးဖော်နေမှုများကြောင့် အသက်သေစေနိုင်သည်အထိ ကျန်းမာရေးထိခိုက်စေသောအဆိပ်အတောက်များ ချင်းတွင်းမြစ်ရေ အတွင်း ပါဝင်နေကြာင်း သိရသည်။
ချင်းတွင်းမြစ်ရေကို သောက်သုံးမိသူများမှာ အကြိမ်များစွာအော့အန်ခြင်းနှင့်ချိုးရေအဖြစ်အသုံး ပြုမိပါက အရေပြားတွင် အဖုအပိန့်များထွက်ပေါ်လာကြောင်း ၎င်းကဆိုသည်။
ကနီမြို့နယ်နှင့် အနီးဝန်းကျင်ဒေသများရှိ ချင်းတွင်းမြစ်ရေတွင် အဆိပ်အတောက်များ ပါဝင်နေ ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေကျင်သည့်လုပ်ငန်းကို လုပ်ကိုင်သူများအနေဖြင့် စွန့်ပစ်ဓာတုပစ္စည်းများအား စနစ်တကျ မြေမြှုပ်ခြင်းအပြင် ရေထွက်ပင်ရင်းနှင့် အနည်းဆုံးမီတာ ၅၀ အကွာတွင် စွန့်ရမည်ဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေးဌာနမှ ဒေါက်တာအက်စတယ် ကပြောသည်။