By Nway / MPA
ချင်းပြည်နယ်၊ ဖလမ်းမြို့ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အပါအဝင် ရဲတပ်ဖွဲ့၀င် သုံးဦးတို့ လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း သိရသည်။
အလင်းဝင်လာသူများမှာ ရဲတပ်ကြပ်ကြီး ဆန်ထောင်း ၊ ရဲတပ်သားဟိန်းထက်စံ နှင့် ရဲတပ်သား ဟွာခန့်စိန် တို့ ဖြစ်ပြီး မေလ ၃၁ရက်တွင် CNO/CNDF ထံသို့ အလင်းဝင်လာခြင်းဖြစ်ကြောင်း Chin National Organization (CNO) ထံက သိရသည်။
“ သူတို့ (အလင်းဝင်လာသော ရဲတပ်ဖွဲ့ဝင်များ) ကတော့ CDM လုပ်ချင်တာကြာပြီ။ ပြည်သူတွေအပေါ် စာနာစိတ်မရှိတာကြောင့် အလုပ်တွေ လုပ်ချင်စိတ်မရှိတော့ဘူး။ ပြည်သူနဲ့ ပူးပေါင်းရင်း အေးအေးဆေးဆေး အနားယူချင်ပြီ လို့ ပြောပါတယ်” ဟု CNO ပြောရေးဆိုခွင့်ရှိသူ Salai Timmy က MPA သို့ ပြောသည်။
ယင်းရဲသုံးဦးသည် G3 သေနတ်တစ်လက်၊ H. Gernades လက်ပစ်ဗုံး လေးလုံး၊ကျည်ဘောက် သုံးခု ၊ လက်ပစ်ဗုံး နှစ်လုံး၊ကျည်ဆန်များနှင့်အတူ အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို CNO ၏ စောင့်ရှောက်မှုအောက်တွင် ကောင်းမွန်စွာ ထားရှိကြောင်း သိရသည်။
“ စစ်ကောင်စီစခန်းတွင်းမှာ ဆိုရင်လည်း ဗိုလ်ကျမှုတွေများတယ်။ အထူးသဖြင့် ရဲတွေက စစ်သားတွေ ခိုင်းသမျှကိုလုပ်ရတယ်။ လက်နက်ဆိုရင်လည်း ကင်းစောင့်တဲ့တစ်ချိန်ပဲ ကိုင်ခွင့်ရှိတယ်လို့ အလင်းဝင်လာတဲ့သူတွေဆီက သိရတယ်” ဟု Salai Timmy က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက Chin National Organization Facebook Page နှင့် ဖလမ်းမြို့အနီးရှိ CNDF ဂိတ်များသို့ ဆက်သွယ်ဝင်ရောက်နိုင်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်တော့မည်ဖြစ်ကြောင်းလည်း Chin National Organization ထံက သိရသည်။