မြဝတီသို့သွားသည့် တောလမ်းများကို ယာယီပိတ်ထားလိုက်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများ ထွက်ပေါ်နေသော်လည်း ယနေ့အချိန်ထိ ကားများသွားလာနေသေးကြောင်း မြဝတီ- ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်ယာဉ်များထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်တက်၊ တောင်ဆင်း တောလမ်းများမှာပျက်စီးခဲ့ပြီး အတက်အဆင်းပြုလုပ်မရသည့်အတွက် ခေတ္တယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သတင်းများထွက် ပေါ်ခဲ့ခြင်းဖြစ်သည်။
“ထို့ကော်ကိုးလမ်းပိတ်လိုက်ပြီလို့ ကျမတို့လည်း ကြားပါတယ်၊ လိုင်းပေါ်တက်လာတာလည်း တွေ့ပါတယ်၊ ဒါပေမဲ့လည်း ရတဲ့လမ်းကရသလို သွားနေကြတာပဲ၊ မိုးရွာမှသာ လမ်းက အတက်အဆင်းကားကို ခဏစောင့်ရတာပါ”ဟု ရန်ကုန်-မော်လမြိုင်-မြဝတီ လမ်းကြောင်းအား အိမ်စီးကားဖြင့် ပြေးဆွဲနေသည့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
မြဝတီသို့ အတက်အဆင်းပြုလုပ်ရာတွင် ထို့ကော်ကိုးလမ်းအပြင် ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းတို့လည်းရှိနေပြီး အဆိုပါတောလမ်းများကိုလည်း အသုံးပြုကာ အဆင်ပြေသလို ပြေးဆွဲပေးနေကြောင်း ယာဉ်မောင်းအချို့ကဆိုသည်။
“လိုင်းပေါ်ကဟာတွေ ကြည့်နေမယ်ဆို အိမ်ထဲက အိမ်ပြင်တောင်ထွက်လို့ရမှာမဟုတ်ဘူး၊ ကျတော်တို့ကတော့ နေ့တိုင်းအတက်အဆင်းဆွဲနေတယ်။ အခုက မိုးကျလာတော့ လမ်းတွေမှာ မနည်းရုန်းသွားရတာမှန်တယ်၊ အဲ့တော့ အခုကျတော်တို့က အရင်လို တစ်ဆင့်တည်း တစ်ခါတည်းမဟုတ်တော့ဘဲ ရန်ကုန်ကနေပြီး ကော့ကရိတ်ကို ကားတစ်ဆင့်၊ ကော့ကရိတ်ကနေ မြဝတီအထိကို ရွှံ့ထဲရုန်းလို့ရတဲ့ 4W ကားနဲ့ ပြန်တက်တယ်၊ နှစ်ဆင့်စီးရတော့ နည်းနည်းတော့ ပင်ပန်းသွားတာပေါ့”ဟု ရန်ကုန်-မြဝတီသို့ အတက်အဆင်း ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။
မြဝတီမှ ရန်ကုန်သို့ ယမန်နေ့က ပြန်လာသည့် အမျိုးသားတစ်ဦးက” နှစ်ရက်ကြာသွားတယ် မိုးရွာသွားတော့ လမ်းမှာစောင့်အိပ်ရတာပေါ့ ကားလမ်းက ဆက်သွာဖို့အဆင်မပြေလို့လေ၊ အတက်ကား ဦးစားပေး အဆင်းကား ဦးစားပေးနဲ့ အဲ့ဒီလိုမျိုး အလှည့်ကျစောင့်ရတာပေါ့၊ မဟုတ်ရင် ဒုက္ခရောက်ကုန်မှာ” ဟု ဆိုသည်။
လတ်တလောတွင် ရန်ကုန်-မြဝတီ၊ မြဝတီ-ရန်ကုန် ကားခဈေးနှုန်းများမှာ တစ်ဦးလျှင် ကျပ်တစ်သိန်းဝန်းကျင်မှ လေးသိန်းဝန်းကျင်ထိ ပေါက်ဈေးရှိနေပြီး ၊ ဈေးနှုန်းများမှာ ခရီးသည်ပို့ဆောင်သည့် ယာဉ်လိုင်းတစ်ခုနှင့်တစ်ခု ကွာခြားမှုများရှိကြောင်း သိရသည်။