By ဗညားတိုး
စစ်ပွဲများတွင် ကျင့်ဝတ်အကြောင်းပြောရသည်မှာ အင်မတန် နတ်ကြီး ပါသည်။ ပထမမှာ စစ်ပွဲ၏ ထုံးစံအတိုင်း ဇာတ်ကောင်များ၏ အားပြိုင်မှုပြင်းထန်နေ၍ဖြစ်ပြီး၊ ဒုတိယမှာ ပညာရပ်ဆိုင်ရာနယ်ပယ်အလိုက် စောင့်စည်းရမည့် ကျင့်ဝတ်များက အငြင်းပွားဖွယ် ဖီလာဖြစ်နေ၍ ဖြစ်သည်။ အထက်ပါအခြေအနေ နှစ်ရပ်ပေါင်းပြီး စစ်ပွဲကာလ “ကျင့်ဝတ်ဆိုင်ရာအကျပ်အတည်း” (Ethical Dilemma) အခြေအနေတစ်ရပ်ကို ပြင်းပြင်းထန်ထန် ဖြစ်စေသည်ဟုယူဆနိုင်ပါသည်။ ထိုသို့သောအခြေအနေများကို ကျတော်တို့ တွေ့ကြုံဖြတ်သန်းနေရပြီ ဖြစ်သည်။
စစ်သားနှင့်သမားတော် (Soldier vs Medics dilemma)
စစ်တိုက်ခြင်းသည် စစ်သားများ၏ အလုပ်ဖြစ်သည်။ စစ်တိုက်သည်မှာ ရန်သူကို ဘက်ပေါင်းစုံမှ သုတ်သင်ရသော လုပ်ငန်းဖြစ်သည်။ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement) နှင့် စစ်ဥပဒေသ (Laws of Armed Conflict) ကို စစ်သားများအတွက် ကျင့်ဝတ်များဟူ၍ သတ်မှတ်ပါက လူသားဆန်မှုကိုလည်း စစ်သားကျင့်ဝတ်ဟု ကောက်ချက်ဆွဲရမည်ဖြစ်သည်။ အဘယ့်ကြောင့် ထိုသို့ ကောက်ချက်ဆွဲရသနည်း။ Laws of Armed Conflict ၏ အဓိက အနှစ်သာရများဖြစ်သော စစ်ရေးပစ်မှတ် နှင့် အရပ်သားခွဲခြားမှု (Discrimination)နှင့် အချိုးညီမှုစည်းမျဉ်း (Proportionality) တို့က လူသားဆန်မှု သဘောတရားအပေါ် အခြေခံထား၍ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် စစ်ပွဲတစ်ပွဲ၏ ပကတိအမှန်တရားကို ကာလတခုစာ ကွက်မကြည့်ဘဲ ရှည်လျားလှသော လူသားသမိုင်းဘောင်ထဲက ကြည့်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် conflict studies နှင့် humanitarian studies ကဲ့သို့ ဘာသာရပ်များ ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ပါ သည်။
လူသားများ ဖြစ်ပွားသော ရောဂါဘယများကို ကုသရန်နှင့် အသက်ကို ကယ်ဆယ်ရန်မှာ သမားတော်တို့၏ အလုပ်၊ profession ဖြစ်သည်။ ဆေးကုသမှု၏ ကျင့်ဝတ်ဆိုင်ရာ မဏ္ဍိုင်မှာ “ဟစ်ပိုကရေးတိကျမ်းသစ္စာ” (Hippocrates’ Oath) ဖြစ်သည်။ အဆိုပါကျမ်းသစ္စာတွင် ရန်သူ နှင့် မိတ်ဆွေ ဆိုသော နယ်ခြားမျဉ်းမရှိ။ ကျမ်းသစ္စာက ထည့်တွက်သော ပုဂ္ဂိုလ် သုံးမျိုးမှာ
(၁) ဆရာသမား၊(၂) လုပ်ဖော်ကိုင်ဘက်၊ တပည့်နှင့် (၃) လူနာ ဟူ၍ဖြစ်သည်။
ကျမ်းသစ္စာ၏ တနေရာမှာ အောက်ပါအတိုင်း ဆိုထားသည်။
“I also swear that if I earn fame and wealth, I will share it with my master’s and my students.”
ဟစ်ပိုခရေးတိကျမ်းသစ္စာ၏ အနှစ်ချုပ်သဘောတရားကို “လုပ်ကိုင်နိုင်စွမ်း၊ အန္တရာယ်မဖြစ်စေရေး၊ မေတ္တာတရား နှင့် သိပ္ပံပညာ” ဆိုသော အချက်များဖြင့် frame လုပ်ထားကြောင်း သတိထားမိသည်။ “ ငါမတတ်ရင်တောင် ငါ့ဆရာသမားတွေ မေးမြန်းတိုင်ပင်ပြီးလုပ်မယ်၊ ရမ်းမလုပ်။ အန္တရာယ်တော့ မဖြစ်စေရ။” ဟုဆိုသည်။
Abstract သဘောတရားအရဆိုလျှင် လူသားဆန်မှု ကိုအခြေခံသည်ဟု ယူဆနိုင်သည်။ သဘောတရားရေးအရ စစ်သားနှင့် သမားတော်ကြားမှာ ဘုံသဘောတူညီမှုတစ်ခုရှိနေပါသည်။ သို့သော် လက်တွေ့စစ်မြေပြင်တွင် ယင်းကဲ့သို့ ဘုံသဘောတူညီမှုမျိုး ရှိနိုင်မည်ဟု ယူဆရန်ခက်သည်။ ဒေသအလိုက်၊ အခြေအနေအလိုက် ပြောင်းလဲနိုင်သော Contextual concept ဖြစ်ခြင်းကြောင့်ဟု သုံးသပ်ချင်ပါသည်။
စစ်သားနှင့်နိုင်ငံရေးသမား (Soldiers vs Politicians)
ရပ်တည်ချက်ချင်း တူညီနေမည်၊ တစ်နည်း တစ်ပြေးညီဖြစ်နေမည်ဟု ကောက်ချက်ဆွဲရန် ခက်သည်။ Complementary (သဟဇာတဖြစ်သည်ဟု အနီးစပ်ဆုံး ဘာသာပြန်နိုင်မည် ထင်ပါသည်) ဖြစ်နေမည်ဟုလည်း ယူဆရန်ခက်ပြန်သည်။ ဖြစ်နေနိုင်သည်။ ဖြစ်ချင်မှလည်း ဖြစ်နေမည်။
နိုင်ငံရေးသမားများ၏ ကျင့်ဝတ်စည်းကမ်းနှင့် ပတ်သက်၍ တစ်ခုခုကို ရည်ညွှန်းပြောဆိုရန် ခက်သည်။ ပြောနိုင်သော အရာများစွာရှိသည်။ ထိုအထဲတွင် နိုင်ငံရေးသမားများ၏ constituency နှင့် သူတို့၏ credibility ကို ဆန်းစစ်သော ယန္တရားများ ဖြစ်သည်။ နိုင်ငံရေးသမားများက နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုနေသလားဆိုသည်ကို စောင့်ကြည့်ခြင်းက ကျင့်ဝတ်ဆိုင်ရာ ဘောင်ထဲမှ ယူဆချက်များ (Hypotheses) ထုတ်ယူနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ သေချာသည်မှာ နိုင်ငံရေးသမားများနှင့် စစ်ရေးခေါင်းဆောင်များ၏ ဖြစ်ရပ်များ၊ ဖြစ်စဉ်များအပေါ် ရှုမြင်ပုံနှင့် ဆုံးဖြတ်ချက်ချပုံက သဟဇာတဖြစ်နေရန် ခက်သည်။ အငြင်းပွားစရာများ ရှိနေမှာ မလွဲပေ။
စစ်သားနှင့် လူအခွင့်အရေးသမား (Soldiers vs Human Rights practitioners)
အငြင်းပွားစရာပင်။ ရပ်တည်ချက်ချင်း တူညီနေရန် ခက်ပါသည်။ တူညီနေခြင်းမျိုးလည်း ရှိနိုင်သည်။ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပညာရပ်ဆိုင်ရာအရ ဆွေးနွေးငြင်းခုံမှုများကို ယခုအချိန်ထိ လုပ်ကောင်းနေတုန်း ဖြစ်သည်။ ဘာသာရပ်တစ်ခုအနေဖြင့် ပေါ်လာသည်မှာလည်း မကြာသေးပေ။ တစ်ချိန်တည်းမှာပင် ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများနှင့် ဥပဒေအစိတ်အပိုင်းများက တစ်ပြေးညီဖြစ်ရန်လည်း ခက်နေပြန် သေးသည်။
ဥပမာ – ဉာဏ်ရည်တုနည်းပညာ။ လက်တလောတွင်မူ လူ့အခွင့်အရေးဟု ဆိုသည့်အခါ နိုင်ငံတကာဥပဒေဘောင်ထဲက Treaty-based human rights protection mechanism (စာချုပ်များကို အခြေခံသောအခွင့်အရေးကာကွယ်ရေး ယန္တရားဟု ဘာသာပြန်ရမည် ထင်ပါသည်။) ကိုသာ ရည်ညွှန်းပြောဆိုကြသည်။ UDHR, ICESCR, ICCPR, ECHR, ACHR, CRC စသောစာချုပ်များကို အခြေခံ၍ လူ့အခွင့်အရေးကို frame လုပ်ကြခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက legalise လုပ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေး (Constitutional rights) များဟုလည်း ပြောကြပါသည်။
တစ်ချိန်တည်းမှာပင် ပညာရပ်ဆိုင်ရာနယ်ပယ်အရ Cultural Relativism (ဒေသနောက်ခံနှင့်ကိုက်ရမည်) ဆိုသည်ကိုလည်း ဆွေးနွေးငြင်းခုံကြသည်။ ဤအခြေအနေတွင် လူ့အခွင့်အရေးက သဘောတရားရေးရာအရ ဝိရောဓိအခြေအနေတစ်ခုဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ယင်းအပြင် စစ်ပွဲကာလတွင် လူ့အခွင့်အရေးဥပဒေဘောင်က ကျဉ်းနေတတ်ပြီး စစ်ဥပဒေသဘောင်က ပိုကျယ်နေတတ်သော အရှိတရားကို နိုင်ငံတကာဥပဒေက လက်ခံထားပါသည်။ ICCPR လို စာချုပ်မျိုးတွင် Derogation (အခွင့်အရေးရုပ်သိမ်းခြင်း) နှင့် ပတ်သက်၍ ထည့်သွင်းဖော်ပြထားသည်။
အရပ်စကားဖြင့် ပြောရလျှင် စစ်မက်ဖြစ်ပွားနေသော ကာလတွင် နိုင်ငံသားများမှာ အခွင့်အရေးအားလုံးမရနိုင်။ ယင်းအချက်ကို နိုင်ငံတကာလူ့အခွင့်အရေးဥပဒေက သဘောတရားအရ လက်ခံထားသလို၊ ပြဌာန်းထားပါသည်။ သို့သော် မည်သည့် အခွင့်အရေးကို ရုပ်သိမ်းမည်နှင့် မည်ကဲ့သို့ ရုပ်သိမ်းမည်ကို ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကိုင် ဆောင်ရွက်ရပါသည်။ ဤနေရာတွင် လက်မခံ၍ မရသောအရှိတရားမှာ စစ်သားများနှင့် လူ့အခွင့်အရေးသမားများကြား အထက်ပါ လူအုပ်စုနှစ်စုတွင် ဖြစ်သကဲ့သို့
အကျပ်အတည်းတစ်ခုရှိသည်ဆိုသည့် အချက်ပင်။အကျပ်အတည်းတိုင်းသည် အနှုတ်သဘောဆောင်လေ့မရှိ၊ အပြုသဘောလည်း ဆောင်တတ်ပါသည်။ အကျပ်အတည်းများကြားမှပင် ပညာရပ်နယ်ပယ်တစ်ခုက ပိုမို ဖွံ့ဖြိုးလာနိုင်ပါသည်။