ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် မီးပုံပျံအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ကာ အမျိုးသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ မေ ၂၅ရက်၊ ညနေ ၅နာရီခန့်က အောင်ပန်းမြို့၊ ၃ရပ်ကွက်၊ အေးမြင့်သာယာနယ်မြေ၌ ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၂နှစ်အရွယ် ဦးချိုနှင့် အသက် ၁၉နှစ်အရွယ် မောင်နီတို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ဒဏ်ရာကတော့ အတော်လေးကိုပြင်းတယ်ဗျ၊ အရေပြားတွေပါ လန်ကုန်တာ၊ ကားနဲ့ ဆိုင်ကယ်လည်း မီးထဲပါသွားတယ်” ဟု ဖြစ်စဉ်အား သိရှိသည့် အောင်ပန်းမြို့ ဒေသခံတစ်ဦးကပြောသည်။
ယမ်းပေါက်ကွဲမှုကြောင့် မီးလောင်မှုအား ဒေသခံများနှင့်အတူ မီးသတ်ယာဉ် ရှစ်စီးဖြင့် မိနစ် ၃၀ခန့်ကြာ ငြိမ်းသတ်ခဲ့ ရကြောင်း ၎င်းက ရှင်းပြသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် မီးပုံတွင် အသုံးပြုရန်အတွက် ရိုးရာမီးလုံး တစ်လုံးသည် ၁၀သိန်းခန့်ရရှိသဖြင့် ဒေသခံများက ယမ်းထောင်ကာ ရောင်းချနေခြင်းဖြစ်သည်။
“ ဒီနှစ်ထဲမှာဖြစ်တာ ဒီတစ်ခေါက်နဲ့ဆိုရင် ပေါက်ကွဲမှုဖြစ်တာ နှစ်ကြိမ်ရှိပြီ၊ မလုပ်ရဘူးလို့တော့ မပြောပါဘူး။ ဂရုစိုက်စေချင်တယ်။ အန္တရာယ်အရမ်းများတယ်။ အခန့်မသင့်ရင် အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်တယ်” အောင်းပန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သူနှစ်ဦးအား အောင်ပန်းဆေးရုံမှ တစ်ဆင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်းကုသနေကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁၃ရက်ကလည်း အောင်ပန်းမြို့တွင် မီးပုံးပျံအတွက် ယမ်းထောင်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား သုံးဦး ဒဏ်ရာရရှိခဲ့သေးသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ပိုရိုးရာပွဲများအတွက် မီးပုံပျံ၊ မီးရှုးမီးပန်းနှင့် မီးလုံးများပြုလုပ်ခြင်းဖြစ်ပြီး နှစ်စဉ် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။