ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၌ စစ်ကောင်စီ စစ်သားများ ပိုမိုကင်းလှည့်လာပြီး ရဲစခန်းအချို့တွင်လည်း လုံခြုံရေးစည်းအား နောက်ထစ်ထပ် ထပ်တိုးချလာသည်ကို တွေ့ရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများ စချိန်ကတည်းက စစ်အင်အားလျော့နည်းနေသည့် စစ်ကောင်စီက ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကင်းလှည့်မှု ပိုများလာခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။
“ လမ်းထဲထိ ကင်းလှည့်တာတွေ မရှိတာ တော်တော်ကြာပြီ၊ အခုရက်ပိုင်း ပြန်လုပ်လာတယ်” ဟု သာကေတမြို့နယ်မှ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောသည်။
ထို့ပြင် ရဲစခန်းအချို့တွင် လုံခြုံရေး တားမြစ်ဧရိယာအား ထပ်တိုးလာခဲ့ပြီး လုံခြုံရေး ပိုချလာပြီး ရဲစခန်းရှေ့ထိ မှတ်တိုင်များကိုလည်း အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းခြင်းများလည်းရှိနေသည်ကို တွေ့ရသည်။
“ သုဝဏ္ဏစခန်းရှေ့က မှတ်တိုင်ပါ ရွှေ့လိုက်ပြီး အပြင်လူ ပေးမ၀င်တော့ဘူး။ အဲ့ဒီနေရာကို ဘန်ကာလည်း ထပ်တိုးဆောက်ထားတာတွေ့တယ်” ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။
ယခင်လများက ရဲသို့မဟုတ် စစ်သား တစ်ဦးစီသာ စောင့်တော့သည့် ဘန်ကာများတွင်လည်း နှစ်ယောက် သို့မဟုတ် သုံးယောက် စောင့်သည်များ ပြန်ရှိလာသည်ကိုလည်း တွေ့ရသည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီ စစ်ရေး အထိနာနေခဲ့ရာ ၁၀၂၇ စစ်ဆင်ရေး ကာလ စကတည်းက ရန်ကုန်မြို့၌ လုံခြုံရေးအင်အား လျှော့ချထားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။