ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီအင်အားကြီး အထိုင်စခန်းဖြစ်သော ဖိုးချီးမူး စစ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး ၄၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၁၉ ရက်၊ နံနက်ပိုင်းမှစတင်၍ မေ ၂၂ ရက်အထိ လေးရက်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများအပြင် လက်နက် ၅၀ ကျော် သိမ်းဆည်းခံခဲ့ရပြီး စစ်သား ၂၆ ဦးမှာလည်း ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
” တိုက်ခိုက်တာကို လုံးဝမခံနိုင်တဲ့အဆုံး သူတို့ စခန်းစွန့်ခွာပြေးတာ။ အရင် ကွီလုံတိုင်တို့၊ မဲသရောထတို့၊ ရေတံလျှောက်စခန်းက စစ်သားတွေလိုပဲ ထိုင်းဘက်ခြမ်းကို ပြေးရင် လွတ်မယ်ထင်တာပေါ့နော်။ အခုလည်း သူတို့အဲ့ဒီတိုင်းပဲ ထွက်ပြေးတယ်။ ဒါပေမဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့ထားတဲ့အတွက် ထွက်လို့မရဘဲ လက်နက်ချ အညံ့ခံသူတချို့ရှိတယ်။ တချို့ကတော့ ထိတွေ့ တိုက်ပွဲဖြစ်ပြီးမှ လက်နက်နဲ့အတူ ဖမ်းမိတာပေါ့နော်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ခံ ကိုအောင်စံရှားက MPA ကိုပြောသည်။
အဆိုပါ ဖိုးချီးမူး စစ်စခန်းအပါအဝင် ၎င်းစခန်း၏ ရိက္ခာနှင့် စစ်ကူပို့လမ်းကြောင်းများကိုလည်း KNLA ၊ PDF နှင့် ဒရုန်းပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက်ကာ မြေပြင်ချေမှုန်းရေး၊ ဒရုန်းစစ်ဆင်ရေးများဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” သူတို့ရဲ့ စစ်ကူလမ်းကြောင်းတွေ ရိက္ခာပို့တဲ့ လမ်းကြောင်းတွေ အားလုံးကို ဖြတ်တောက်ပိတ်ဆို့ထားတာကတော့ လနဲ့ချီကြာပြီပေါ့နော်။ မြေပြင်စစ်ဆင်ရေးနဲ့ ဒရုန်းစစ်ဆင်ရေးကိုတော့ ကျတော်တို့ ၁၇ ရက်နေ့မှာစပြီး အရှိန်မြှင့်ခဲ့တယ်။ အဲ့ဒါကြောင့် ၁၈ ရက်နေ့ညမှာ သူတို့ စခန်းစွန့်ခွာပြေးကြတယ်။ ဒါပေမဲ့ ပတ်ပတ်လည်က တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် သူတို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ၂၂ ရက်နေ့မှာတော့ နယ်မြေအကုန်ရှင်းလင်းနိုင်ခဲ့တယ်” ဟု ၎င်းကရှင်းပြသည်။
ယခုသိမ်းပိုက်ရရှိသည့် ဖိုးချီးမူးစခန်းသည် စစ်ကောင်စီ၏ စကခ ၁၃ လက်အောက်ခံ (ခလရ-၅၅၇)၊ (ခမရ-၅၆၁) နှင့် (၃၉၉ အမြှောက်တပ်) မှ ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
” ကျတော်တို့အနေနဲ့ကတော့ စကစရဲ့ မဲသရောထနဲ့ ရေတံလျှောက်စခန်းနှစ်ခု သိမ်းပြီးတဲ့ အချိန်မှာပဲ ဖိုးချီးမူးစခန်းကို တစ်ဆက်တည်း စစ်ဆင်ရေးစလုပ်ခဲ့တယ်။ ကျတော်တို့ ဒရုန်းချပြီး တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီကနေတစ်ဆင့် တစ်ဖက်မှာတခြားစစ်ဆင်ရေးတစ်ခုအတွက် လိုအပ်လာလို့ ဆောင်ရွက်ရတယ်ပေါ့နော်။ မြေပြင်မှာ ချေမှုန်းရေးလုပ်တဲ့အချိန်မှာတော့ ကျတော်တို့ အဖွဲ့မပါတော့ဘူး။ ဆိုတော့ စစ်ဆင်ရေးတွေက လိုအပ်သလို ခွဲပြီးဆောင်ရွက်နေကြတာမျိုးပါပဲ” ဟု စခန်းသိမ်းစစ်ဆင်ရေးအစပိုင်းတွင်ပါဝင်ခဲ့သည့် cloud wings ဒရုန်းတပ်ဖွဲ့တာဝန်ခံကဆိုသည်။
အဆိုပါ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က Mi – 35 စစ်ရဟတ်ယာဉ်ဖြင့်နှစ်ကြိမ် ပစ်ခတ်ခဲ့ပြီး စစ်သားများကလည်း ၎င်းတို့ ဆုတ်ခွာထွက်ပြေးသည့်လမ်းတွင် ဒေသခံကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးလည်း လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင်ရှိသော စစ်ကောင်စီ၏ ရေတံလျှောက်စခန်း၊ မဲသရောထစခန်းနှင့် ကွီလုံတိုင်စခန်းတို့်ကိုလည်း KNLA ၊ SOF နှင့် ဒရုန်းပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားပြီးဖြစ်သောကြောင့် နယ်စပ်တစ်လျှောက်တွင် အပြည့်အဝ နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-26-182823_002-768x1024.jpeg)
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-26-182823_003-1024x1024.jpeg)
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-26-182823_004-768x1024.jpeg)
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-26-182823_005-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-26-182823_006-768x1024.jpeg)