အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း-BECA ဖြေဆိုပြီး Certificates ထုတ်မရသည့် CDM ကျောင်းသားများက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန-MOE ဖြေရှင်းထုတ်ပြန်မှုအပေါ် ကျေနပ်ကြပြီး ပြန်လည်စစ်ဆေးမှု ရလဒ် ထုတ်ပြန်ချိန် မကြာမြင့်စေရန်အတွက် မျှော်လင့်လျှက်ရှိကြောင်း အဆိုပါ ကျောင်းသားများထံမှ စုံစမ်း သိရှိရသည်။
NUG ၏ ပညာရေး၀န်ကြီးဌာနသည် ၂၀၂၄ခုနှစ်၊ မေ ၂၅ရက်၊ ညပိုင်းက BECA Complain Form နှင့် ပတ်သတ်ပြီး ဖြေရှင်းချက် ထုတ်ပြန်ခဲ့ရာ ယခင်တောင်းခဲ့သည့် ဖောင်ကြေး သုံးသောင်းကျပ် တောင်းမှုအား ပယ်ဖျက်ပေးခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် Certificates ထုတ်မရခဲ့သည့် CDM ကျောင်းသားများအား BECA ဖြေရာတွင် ဖြေဆိုခဲ့ရမှု အခြေအနေ အခက်အခဲအား ကျောင်းသား ကိုယ်တိုင်ရေးထားသော လျှောက်လွှာနှင့်အတူ မြေပြင် သို့မဟုတ် အွန်လိုင်းကျောင်း၊ သက်ဆိုင်ရာ မြို့နယ် ပညာရေးဘုတ် သို့မဟုတ် ပညာရေး အဖွဲ့အစည်း သို့မဟုတ် CDM ၀န်ထမ်းတစ်ဦး သို့မဟုတ် မိဘအုပ်ထိန်းသူ သို့မဟုတ် ကျောင်းသားကိုယ်တိုင် လိုက်နာရမည့် စည်းကမ်းနှင့် အညီဖြေခဲ့ကြောင်း ထောက်ခံချက်များ ဖြင့် Complain ဖောင် တင်နိုင်ကြောင်း ကြေညာလာခဲ့သည်။
“ အခွင့်အရေး ပေးတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ရလဒ် ထုတ်ပြန်မဲ့ရက်ကို အတိအကျ မဟုတ်ရင်တောင် ခန့်မှန်း Date တော့ ထုတ်ပြန်ပေးဖို့ အကြံပြုချင်ပါတယ်” ဟု BECA Complain Form တင်မည့် CDM ကျောင်းသား တစ်ဦးက ပြောသည်။
လက်တလောတွင် Complain Form တင်သည့် ကျောင်းသားများ Form တင်မရသည့် ပြဿနာများကို ကြုံတွေ့နေရမှုများ ရှိကြောင်း သိရသည်။
အဆိုပါ ပြဿနာများကို အမြန်ဆုံးဖြေရှင်းပြီး ရလဒ်များ အမြန်ဆုံး ထုတ်ပြန်ပေးရန် အတွက် ပညာရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည့် ကိုဖြိုးဝေအောင်က MOE သို့ တိုက်တွန်းပြောဆိုသည်။
“ ဟုတ်ကဲ့၊ MOE ရဲ့ လက်ရှိထုတ်ပြန် ဖြေရှင်းလာမှုကို ဝမ်းသာအားရ ဖြစ်ပါတယ်။ အသံတွေကို နားထောင်တတ်ရုံနဲ့ မရပါဘူး။ လိုအပ်ချက်တွေကို နားလည်မှုရှိလာပြီး ဖြေရှင်းပေးနိုင်မဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိလာတာ ကျေနပ်စရာပါပဲ၊ ကလေးတွေက certificate ထွက်လာဖို့ အချိန် တစ်နှစ်ခွဲလောက်စောင့်ပြီးခဲ့ပြီးမို့ complaint form ပြန်တင်တဲ့ကလေးတွေကို အချိန်သိပ်မယူကြဘဲ ဖြေရှင်းပေးစေလိုပါတယ်။ ကျန်တာကတော့ complaint form တင်ပြီး ကလေးတွေကို အကြောင်းပြန်တဲ့အခြေအနေပေါ်မူတည်ပြီး သူတို့ရဲ့ ဖြေရှင်းပေးမှုက ဘယ်လောက်အတိုင်းအတာထိ ကျေနပ်မှုရခဲ့တယ်ဆိုတာ စောင့်ကြည့်ရဦးမှာပါ” ဟု ကိုဖြိုးဝေအောင်က ပြောသည်။
MOE သည် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုခဲ့သည့် CDM ကျောင်းသားများအနက် ထောင်နှင့်ချီသည့် ကျောင်းသားများသည် ဖြေဆိုရာတွင် စည်းကမ်းနှင့် မညီဟု ဆိုကာ Certificate မထုတ်ပေးသဖြင့် ကျောင်းသားများ၏ မကျေနပ်မှုများကို ရင်ဆိုင်လာရသည်။
ထိုသို့ ဖြစ်လာရာတွင် ပြန်လည်စိစစ်ပေးမည့် Complain ဖောင်တင်ရာ၌လည်း ငွေကျပ် သုံးသောင်းတောင်းခဲ့သဖြင့် ဝေဖန်မှုများကို ထပ်မံကြုံတွေ့ခဲ့ရသည်။