၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားနေသော ပုဂ္ဂလိကကျောင်းများအနေဖြင့် ဝါတွင်းကာလကျောင်းပိတ်ရက်များကို အစိုးရကျောင်းများပိတ်သည့်အတိုင်း ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ နှစ်ရက်သာ တပြေးညီပိတ်ရန် ပညာရေးဝန်ကြီးဌာနကညွှန်ကြားထားကြောင်း သိရသည်။
“ အခုလို တပြေးညီပိတ်တယ်ဆိုတာကလဲ ကလေးတွေအတွက်စဉ်းစားပြီးလုပ်တာလည်းဖြစ်နိုင်တယ်၊ ဘာကြောင့် တပြေးညီပိတ်လဲဆိုတာတော့ အသိအကျမသိသေးပါဘူး၊ စာထုတ်တာပဲ သိတာ” ဟု ရန်ကုန်ရှိမြို့နေ အစိုးရကျောင်းဆရာမတစ်ဦးက MPA ကိုပြောသည်။
ဝါတွင်းကာလ ကျောင်းပိတ်ရက်နှင့်ပတ်သက်ပြီး အချို့ကျောင်းများကို စာပို့ထားသည့်အပြင် ကိုယ်ပိုင်ကျောင်းနှင့် နိုင်ငံတကာကျောင်း (international school) များကိုလည်း အသိပေးထားကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ International ကျောင်းပါဆိုမှ international အတိုင်း Saturday, Sunday သွားရမှာမဟုတ်ဘူးလား၊ ကိုယ်ပိုင်ကျောင်းဆိုတာထားတော့၊ အခုဟာက ကျမတို့ကအလုပ်တစ်ဖက်နဲ့ ကလေးကျောင်းပိတ်ရက်နဲ့ အလုပ်ပိတ်ရက်နဲ့ တူမှအဆင်ပြေမှာမို့ international ကျောင်းမှာထားတာ အခုတော့ ကျောင်းပိတ်ရက်က ဥပုသ် နဲ့ တနင်္ဂနွေနေ့ နှစ်ရက်ဆိုတော့ အလုပ်နဲ့က အဆင်မပြေဘူး” ဟု international ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
ဝါတွင်းကာလကျောင်ပိတ်ရက်ကို အထက်ပါအတိုင်းညွှန်ကြားထားသော်လည်း တစ်နိုင်ငံလုံးရှိ ကိုယ်ပိုင်ကျောင်းအားလုံးပိတ်မှသာ ထိုရက်ကိုလိုက်ပိတ်မည်ဖြစ်ကြောင်း အင်းစိန်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာတစ်ဦးက ဆိုသည်။
“ ကိုယ်ပိုင်ကျောင်းဆိုတော့ နွေရာသီထဲကကျောင်းတက်ရတယ်၊ နဝမတန်းဆိုပေမဲ့ ဒဿမတန်း စာတွေပါသင်ရတာ၊ တနင်္ဂနွေနေ့တစ်ရက်ပဲပိတ်တယ်၊ စနေနေ့ဆို အပြင်အင်္ကျီနဲ့ ပုံမှန်ကျောင်းအချိန်တိုင်း ကျောင်းတက်ရတာ၊ မနှစ်က အဠမတန်းတုန်းကလည်း ဥပုသ်နေ့လဲမပိတ်၊ စနေလည်းမပိတ်ဘူး” ဟု ရွှေပြည်သာမြို့နယ်ရှိ ပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင်တက်ရောက်နေသည့် ကျောင်းသူတစ်ဦးက ရှင်းပြသည်။
တရားဝင်သတ်မှတ်ထားသည့် ကျောင်းပိတ်ရက်များတွင် ကျောင်းတက်ရပါက ကျောင်းဝတ်စုံမဝတ်ဘဲ အပြင်ဝတ်စုံအား ကျောင်းစည်းကမ်းအရ လုံခြုံစွာဝတ်ဆင်ရပြီး ကျောင်းသို့ ပညာရေးမှူးများဝင်ရောက်စစ်ဆေးပါက ကျောင်းပိတ်ရက်တွင် ကျူရှင်တက်သည်ဟု ပြောကြားရန် ဆရာ၊ ဆရာမများက မှာထားကြောင်း ၎င်းကဆက်လက်ပြောသည်။
ပုဂ္ဂလိကကျောင်းများအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ ကျောင်းအပ်လက်ခံကာ မေလအစောပိုင်းတွင်တက်ရောက်နေရပြီး အစိုးရကျောင်းများသည် ၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက်မှစ၍ ကျောင်းစတင်တက်ရောက်ရမည့် ဇွန် ၃ ရက်အထိကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။