စစ်တပ်အာဏာမသိမ်းခင်ကထက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း ထက်ဝက်ကျော် ကျဆင်းသွားသော်လည်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်မီဒီယာက လျှပ်စစ်ဓာတ်အား ပိုပေးလာနိုင်သည့် သဖွယ် ဝါဒဖြန့်ခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ မေ ၂၄ရက်က စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်မီဒီယာက မြန်မာနိုင်ငံအတွင်း အိမ်ထောင်စု ၁၀သန်းကျော်ရှိသည့်အနက် အိမ်ထောင်စု ၇သန်းကျော်အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဟု ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။
“ လက်ရှိ အချိန်မှာ နိုင်ငံတော်အတွင်း ၂၀၂၄ခုနှစ် မတ်လအထိ တစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ထောင်စု စုစုပေါင်း ၁၀သန်းကျော်ရှိတဲ့အနက် မီးသုံးစွဲသူ အိမ်ထောင်စု စုစုပေါင်း ခုနှစ်သန်းကျော်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်တာကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ လျှပ်စစ်ဓာတ်အား ရရှိမှု အချိုးအနေနဲ့ ၆၇ ဒဿမ ၃၄ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီဖြစ်ပါတယ်” ဟု စစ်ကောင်စီ ထိန်းချုပ် MRTV ရုပ်သံက ၀ါဒဖြန့်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ်က စပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုများ ဆက်တိုက်ကြုံနေရချိန်တွင် ယင်းသို့ ၀ါဒဖြန့်မှုက ပြည်သူများအကြား ဟာသတစ်ပုဒ်သဖွယ် ဖြစ်နေသည်ကို တွေ့ရသည်။
“ မြေပြင်မှာတောင် မီးမှန်အောင် မလာတာ ၁၀သန်းမှာ ခုနှစ်သန်း မီးပေးနိုင်တယ်တဲ့ …ခွမ်း” ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါ ဝါဒဖြန့်မှုအား စစ်ကောင်စီ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ သပြေ၀နှင့် သာစည် လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ခုဖွင့်ပွဲ၌ ပြောဆိုမှုနှင့် စပ်လျင်းပြီး ၀ါဒဖြန့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပြည်ထောင်စုဝန်ကြီးက လက်ရှိကာလတွင် ၎င်းတို့၏လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏမှာ နေ့စဉ် ၂၉၅၀ မဂ္ဂါဝပ် ရှိသည်ဟု ပြောဆိုခဲ့ရာ ယင်းပမာဏမှာ ၂၀၂၀ခုနှစ်က ထုတ်လုပ်နိုင်စွမ်း မဂ္ဂါဝပ် ၆၀၀၀ကျော်နှင့် ယှသ်ပါက ထက်ဝက်ကျော်လျော့နည်းနေခြင်းဖြစ်သည်။
လက်ရှိ မီးပြတ်နေရခြင်းသည် နေ့စဉ် ဓာတ်အားလိုအပ်ချက် ၄၂၀၀ မဂ္ဂါဝပ်ကျော်ရှိသဖြင့် လျှပ်စစ်မီး သုံးစွဲမှုများသည့် နံနက်ခင်းနှင့် ညနေခင်းအချိန်များတွင် ဓာတ်အား ၁၂၅၀ မဂ္ဂါဝပ်ခန့်အား ထိန်းညှိဆောင်ရွက်နေခြင်းကြောင့်ဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အကြောင်းပြထားသည်။