ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်ကြောင့် မြန်မာတစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်ပြီး ပဲခူးရိုးမနှင့် ရခိုင်ရိုးမတို့တွင် လေပြင်းကျရောက်နိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၄ခုနှစ်၊ မေ ၂၅ရက်၊ မွန်းလွဲ ၂နာရီတွင် ထုတ်ပြန်ထားသည်။
“ အခုကတော့ မုန်တိုင်းအရှိန်သက်ရောက်တာပဲရှိသေးတယ်။ မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းကျတာတွေရှိမယ်။ တစ်နိုင်ငံလုံးမိုးရွာမယ်။ လေပြင်းတိုက်တာက ပဲခူးရိုးမတို့ ရခိုင်ရိုးမတို့ မှာ တစ်နာရီ မိုင် ၃၀ ၊ ၄၀ လောက်တိုက်ခတ်နိုင်တယ် “ ဟု ဦးဝင်းနိုင်က MPA သို့ပြောသည်။
ထို့ပြင် အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မေ ၂၆ရက်၊ နံနံနက် ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတို့တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ကာ၊ မေ ၂၆ရက် ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ၊ ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
“ လောလောဆယ် မြန်မာနိုင်ငံကို မုန်တိုင်းအရှိန်သက်ရောက်နိုင်မှုက အရင်အတိုင်းမပြောင်းသေးဘူး။ အခုကျောက်ဖြူရဲ့ အနောက်-အနောက်တောင်ဘက် မိုင် ၂၈၀ကျော်ကို ရောက်တဲ့အချိန်မှာ ကျောက်ဖြူမှာ မုန်တိုင်းငယ်ရဲ့ လေတိုက်နှုန်းက ၄၅မိုင်အထိရှိတယ်။ အပေါ်တက်သွားရင် ထက်ပြီးတက်လာအုန်းမယ် အများဆုံး ၈၉မိုင်လောက်အထိရှိနိုင်တယ်” ဟု ဦးဝင်းနိုင်က ပြောသည်။
ယင်းအပြင် မုန်တိုင်းအရှိန်ကြောင် မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများကြောင့် ရေကြီးခြင်း၊တောင်ကျချောင်းရေများ စီးဆင်းနိုင်ခြင်းနှင့် မြေပြိုခြင်းများကိုလည်း သတိပြုရန် ဦးဝင်းနိုင်က အသိပေးထားသည်။
“ မုန်တိုင်းက မြန်မာနိုင်ငံအတွင်း မဝင်လောက်ဘူးလို့ မိုးလေဝသ ပညာရှင်တွေက ပြောနေကြတာပဲ၊ မနှစ်ကလို မဖြစ်အောင်တော့ ကျတော်တို့ဘက်က ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားတယ်။ မနှစ်ကလည်းကြိုတင်ပြင်ဆင်မှုတွေလုပ်ထားတာတောင် ပျက်ဆီးဆုံးရှုံးမှုတွေများတယ်လေ၊ ရာသီဥတုက ဘာမှန်းမသိ၊ နိုင်ငံရေးက မကောင်းနဲ့” ဟု ဧရာဝတီတိုင်း၊ လပွတ္တာမြို့နေ အမျိုးသမီး ပြောသည်။
၂၀၂၃ခုနှစ်၊ မေ ၁၄ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် အားအလွန့်အလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဧရာ၀တီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မုန်တိုင်းဒဏ်အား ဆိုးရွားစွာ ခံစားခဲ့ရသည်။
အဆိုပါ မိုခါမုန်တိုင်းကြောင့် သေဆုံးခဲ့သူ အရေအတွက်နှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ ထုတ်ပြန်ချက်သည် ကွဲလွဲမှုများရှိခဲ့ပြီး NUG ထုတ်ပြန်ချက်၌ မုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက် ၄၆၀ကျော်ရှိကြောင်း ဖော်ပြခဲ့သည်။