ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ထားသော နယ်မြေများအတွင်းသို့ စစ်ရှောင်လာသူ ငါးသိန်းကျော်ရှိကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေး သတင်းထုတ်ပြန်ထားသည်။
ယင်းစစ်ဘေးရှောင် ၅သိန်းတွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ နှစ်သိန်းခန့်ရှိကာ ထိုအထဲမှ ၈၀ရာခိုင်နှုန်းခန့်သည် ရိုဟင်ဂျာ(မူဆလင်)များဖြစ်ကာ ရခိုင်နှင့် တခြားသော လူနည်းစုများသည် ၂၀ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း ULA/AA က ၂၀၂၄ခုနှစ်၊ မေ ၂၄ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
“အခု စစ်ရှောင်တဲ့ စာရင်းမှာပါတဲ့ နှစ်သိန်းမှာဆိုရင် ၈၀ရာခိုင်နှုန်းက ရိုဟင်ဂျာတွေလို့ ပြောပေမဲ့ ၉၀-၉၅ရာခိုင်နှုန်းလောက်တော့ ဖြစ်ဖို့ များပါတယ်။ ဒါတွေကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက မီးရှို့ခံရလို့ ပြောင်းရွှေ့ရတဲ့သူတွေ ပါဝင်မှာဖြစ်တယ်။ မီးရှို့ခံရတဲ့အထဲမှာ မပါဝင်တဲ့ ရိုဟင်ဂျာတော်တော်များများကတော့ ကိုယ့်နေရာကို ပြန်ပေမဲ့ AAက အိမ်တွေမှာ နေလို့မရဘူးဆိုပြီး ပြောတဲ့အတွက် အမှတ်(၅)ရပ်ကွက်တို့၊ ညောင်ချောင်းရွာတို့ စသဖြင့် ရွာတွေမှာတော့ ခိုလှုံနေကြတယ်။ အခုကတော့ ဒီလူတွေက စားဝတ်နေရေး အခက်အခဲကို ရင်ဆိုင်နေကြရတယ်”ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC)၏ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင်က ပြောသည်။
ထို့အတူ သိန်းနှင့်ချီသော စစ်ဘေးရှောင်များအား အစုလိုက်ထားခြင်းအားဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ခံရပါက အစုလိုက် အပြုံလိုက် သေစေနိုင်သောကြောင့် နေရပ်ပြန်ချင်သော ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ ရိုဟင်ဂျာတို့ကို ရက္ခိုင့်တပ်တော်အနေဖြင့် ပြန်လည်နေထိုင်ခွင့်အား ပေးစေချင်ကြောင်း ၎င်းက ဆိုသည်။
“ရက္ခိုင့်တပ်တော်ကနေပြီး စစ်ဘေးရှောင်တွေကို ကာကွယ်စောင့်ရှောက်နေတယ်ဆိုတာက အခုမှ မဟုတ်ဘူး။ ၂၀၁၈-၂၀၁၉ တိုက်ပွဲတွေတုန်းတည်းက ကာကွယ်စောင့်ရှောက်လာတာဖြစ်တယ်။ တပ်တော်ဆိုတာ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေတာ၊ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးနေတာ ဖြစ်တယ်။ အခုဆိုရင်လည်း ကိုယ့်လူမျိုးမှ မဟုတ်ဘူး၊ ကိုယ့်ဒေသတွင်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာ(မူဆလင်)တွေအပါအဝင် ဘယ်လူမျိုးကိုမဆို ကာကွယ်စောင့်ရှောက်ပေးတာဖြစ်တယ်”ဟု ရက္ခိုင့်လူအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
ရက္ခိုင့်တပ်တော် ထိန်းချုပ်နယ်မြေအတွင်းသို့ တိမ်းရှောင်လာသော ငါးသိန်းကျော်သည့် စစ်ဘေးရှောင်များအား ရက္ခိုင့်တပ်တော်အနေဖြင့် ၎င်းတို့တွင် ရှိသော ဆန်၊ဆီ၊ ဆားနှင့် ဆေးဝါးအပါအဝင် အခြေခံအစားအစာများဖြင့် ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“တပ်တော်အနေနဲ့က လူမျိုးမရွေး၊ ဘာသာမရွေးကို ကယ်တင်စောင့်ရှောက်ထားတဲ့အခါကျတော့ ရေရှည်မှာ ကူညီနိုင်မှာ မဟုတ်ဘူး။ လက်ရှိမှာတော့ တချို့ အဖွဲ့အစည်းတွေက ကူညီပေးနေတာတွေကိုလည်း ရက္ခိုင့်တပ်တော်ရဲ့ HDCOကနေ ကူညီပေးနေတာတွေလည်း ရှိပါတယ်။ လက်ရှိမှာက ရက္ခိုင့်တပ်တော်က အစိုးရတစ်ရပ်မဟုတ်သေးတဲ့အခါကျတော့ ပြည်သူတွေကို ထောက်ပံ့နိုင်ဖို့ ငွေရေးကြေးရေးက လိုအပ်လာမှာဘဲဖြစ်တယ်”ဟု ရခိုင့်အရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစားများ၊ ကလေးနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများအပြင် မကြာမီရောက်လာမည့် မိုးတွင်းကာလအတွက် အမိုးအကာ၊ အိမ်သာများမှာ အရေးတကြီးလိုအပ်သော ပစ္စည်းများ ဖြစ်လာမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိမ်ညိုစစ်ရှောင်စခန်းမှ အစောပိုင်းစစ်ရှောင်တစ်ဦးက “အကူအညီတွေက မရတော့တာကြာနေပြီ၊ NGO၊ INGOတွေကလည်း မပေးတော့ဘူး။ မူလ ထောက်ပံ့ပေးနေကျ အထောက်အပံ့တွေကပါ ပြတ်သွားတော့ အကုန်အခက်အခဲတွေ ဖြစ်နေတာပေါ့၊ အစားအစာအခက်အခဲ၊ ရေ၊ အခုဆို မိုးတွင်းက လာတော့မှာဆိုတော့ လုံခြုံတဲ့ အမိုးအကာ အဲ့ဒါတွေက လိုအပ်နေတာပေါ့”ဟု ဆိုသည်။
အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် ကလေးဒိုက်ပါ၊ လူကြီးသုံးဒိုက်ပါများမှာလည်း ရှားပါးနေသလို လက်ကျန်ပစ္စည်းများမှာလည်း ဈေးနှုန်းကြီးမြင့်နေသဖြင့် ဝယ်ယူရန်ပင် အခက်အခဲနှင့် ကြုံတွေ့နေကြောင်း မြတန်ဆောင်းစစ်ရှောင်စခန်းမှ အစောပိုင်းစစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
မကြာမီ ကာလများအတွင်း အကူအညီများနှင့် လိုအပ်ချက်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGOအဖွဲ့အစည်းများနှင့် စေတနာအလှူရှင်များမှ ကူညီပေးကြရန်အတွက်လည်း ရက္ခိုင့်တပ်တော်က တိုက်တွန်းနှိုးဆော်ထားသည်။