ပြည်ပရောက် အမျိုးသမီးလုပ်သားငါးဦးထံမှ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်သည့် KO HTET FAMILY HOMEMAID AGENCYက လုပ်အားခေါင်းပုံဖြတ်ပြီးနောက် အဆက်အသွယ်ဖြတ်သွားခဲ့ကြောင်း အလုပ်သမားအရေးကူညီသူများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ တစ်ခုဖြစ်သည့် KO HTET FAMILY HOMEMAID AGENCY သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် စင်္ကာပူနိုင်ငံသို့ အမျိုးသမီးလုပ်သား ငါးဦးအား အကြွေးစနစ်ဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပို့ဆောင်ရာတွင် အမျိုးသမီး လုပ်သားများအားလုံးထံမှ အေဂျင်စီက လစာ ခြောက်လစာ ဖြတ်သည့် ၂နှစ် စာချုပ် ချုပ်ကာ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး လေးလစာ သို့မဟုတ် ငါးလစာဖြတ် စာချုပ်ချုပ်ရမည့်သူများအားလည်း တပြေးညီ စာချုပ်ကိုသာ ချုပ်ဆိုစေခဲ့ခြင်းလည်းဖြစ်သည်။
“ ညီမတို့က အခုစင်္ကာပူကိုလာရတဲ့အခြေအနေမှာ Agency ဘက်က ဝန်ဆောင်မှုပုံစံက တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ ကိုယ့်ဘာသာစာအုပ်လုပ်၊ လေယာဥိလက်မှတ် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ရင် လေးလဖြတ် ၊ ကိုယ့်ဘာသာ စာအုပ်ပဲလုပ်နိုင်ရင် ငါးလဖြတ်၊ စာအုပ်မလုပ်နိုင်ရင် ခြောက်လဖြတ်ပေါ့၊ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ဒါပေမဲ့ စာချုပ်ချုပ်တဲ့လကြတော့ အကုန်အတူတူချုပ်ရတယ်။ ဘာလို့အတူတူချုပ်ရတာလဲ မေးတဲ့အခါကြတော့ စိတ်မပူနဲ့ ပုံမှန်ချုပ်ရတာဖြစ်တယ်။ အကြွေးကျေတာနဲ့ ပိုချုပ်ထားတဲ့ တစ်လစာအတွက် Agency ဘက်ကပြန်ပေးမှာပါ စိတ်မပူဖို့ ပြောတာနဲ့ ညီမတို့တွေအကုန် လက်မှတ်ထိုးပေးလိုက်ပါတယ်” ဟု လစာခေါင်းပုံဖြတ်ခံရသည့် အမျိုးသမီး လုပ်သား တစ်ဦးက ပြောသည်။
သို့သော် အေဂျင်စီဘက်က အမျိုးသမီးလုပ်သားများ ပေးရမည့် အကြွေးကျေသည့် အချိန်တွင် ပြန်ပေးရမည့် ပိုချုပ်ထားသော လစာများအား ပြန်မပေးဘဲ အဆက်အသွယ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။
“ သူတို့အကြွေးကိုဆပ်ပြီး အကြွေးကျေတာနဲ့ ကိုယ်ရမဲ့ လစာတစ်လတိုးပြီးချုပ်ထားတဲ့ လစာအတွက်ပေးဖို့ တောင်းတဲ့အခါ ဟိုရွှေ့ဒီရွှေ့ လုပ်နေတယ်။ Agency ဘက်က တာဝန်ရှိသူတွေရဲ့ တပည့်တယောက်က သူအာမခံပါတယ် ပြောပြီး မြန်မာကျပ်ငွေ ငါးသိန်းပဲပေးပါတယ်။ Agency ကိုစာပို့တော့လည်းဝင်မကြည့်ဘူး။ စာလည်း မပြန်ဘူး ။ တာဝန်ရှိသူရဲ့ အဒေါ်ဖြစ်သူကိုအကျိုးအကြောင်းပြောတော့လည်း တိုင်ချင်တဲ့နေရာကို တိုင်ဆိုပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ၊ လက်လွတ်စပယ်စကားမျိုးပြောပါတယ်” ဟု လစာခေါင်းပုံဖြတ်ခံရသည့် အခြား အမျိုးသမီးလုပ်သား တစ်ဦးက ဆိုသည်။
အဆိုပါ အေဂျင်စီသည် ၄င်းတို့ လစာခေါင်းပုံဖြတ်ထားသည့် အမျိုးသမီးလုပ်သား ငါးဦးအနက် တစ်ဦးသာ ကျပ်ငွေငါးသိန်း ပြန်ပေးခဲ့ပြီး ကျန်လေးဦးအား လစာများ ပြန်ပေးခဲ့ခြင်း မရှိဟု သိရသည်။
“ Agency ဘက်ကတော့ တုန့်ပြန်လာတာမျိုး မရှိဘူး။ ဒီလို ပြဿနာတွေ အဓိကဖြစ်ရတဲ့အကြောင်းရင်းက Agency တွေက စာချုပ်တွေကိုလိမ်လည်ပြီးချုပ်ဆိုတာတွေကြောင့် ဖြစ်လာရတာ၊ စာချုပ်ပါအချက်တွေကိုတိတိကျကျ လိုက်နာရင်အခုလိုပြဿနာတွေလည်းဖြစ်လာမှာမဟုတ်ဘူး။ အလုပ်သမားတွေအနေနဲ့လည်း စာချုပ်ပါအချက်တွေကို သေချာတိတိကျကျ နားလည်အောင်ဖက်ပြီးမှ လက်မှတ်ထိုးတာမျိုးတွေလုပ်စေချင်ပါတယ်” ဟု မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (#FGWM)၏ ရွှေ့ပြောင်း အလုပ်သမားကော်မတီမှ အဖွဲ့၀င်တစ်ဦးက ပြောသည်။
ထို့ပြင် ပြည်ပထွက်ခွာ အလုပ်လုပ်မည့်သူများအနေဖြင့် Agency များနှင့် စာချုပ်ချုပ်ပါက ဓာတ်ပုံရိုက်ယူခြင်း၊ မိတ္ထူတောင်းခံခြင်းများပြုလုပ်သင့်သည့်အပြင် ပြဿနာဖြစ်ပေါ်လာပါက အလုပ်သမားအဖွဲ့အစည်းများဖြင့် ချိတ်ဆက်ကာ ယခုကဲ့သို့ ဖြစ်စဉ်မျိုးထပ်မံမဖြစ်ပွားစေရန် နီးစပ်ရာပတ်ဝန်းကျင်သို့ ပြောကြားမှုများပြုလုပ်သင့်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အလုပ်အကိုင်ရှားပါးမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ပြည်ပ ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေရသူများသည် Agency များကြောင့် ပိုမိုနစ်နာနေရကြောင်းလည်း အလုပ်သမားအရေးလှုပ်ရှားသူများထံမှ စုံစမ်းသိရှိရသည်။