စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ခဲ့သည့် စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ၁၀ဦးခန့်သေဆုံးကြောင်း သိရသည်။
မေလ ၂၃ ရက်၊နေ့ခင်း ၁၂ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ဗိုလ်စင်္ကြာ၏ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) စခန်းဟောင်းကို စစ်သား အင်အား ၉၀ကျော်ပါ ယင်းစစ်ကြောင်းက ဝင်ရောက်စီးနင်းစဉ် ဒေသခံPDFတို့က ကြိုတင်သတင်းရ၍ စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်သား၃၀ကျော်လည်း ဒဏ်ရာရခဲ့ကြောင်းCDSOM တာဝန်ခံ ကိုနွေဦးထံကသိရသည်။
“၁၀ယောက်ကျော်သေမယ်ဗျ။မျက်မြင်ကို ငါးယောက်လောက်တွေ့ရတယ်။ကားနဲ့သယ်နေတာကို ပြည်သူတွေကနေတစ်ဆင့် ပြန်ပြောတာလည်း ပြန်သိရတယ်။ဒဏ်ရာရတွေကိုတော့ မနေ့က (မတ်လ၂၄ရက်) သုံးနေရာခွဲ ကုနေတယ်လို့သိရတယ်။လေယာဥ်ပစ်ကူပေးနေချိန် ဒဏ်ရာရတွေကို ဆွဲထုတ်နေကြတာ မြင်နေရပါတယ်”ဟု၎င်းက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်သားများ အထိနာသဖြင့် လေယာဥ်ပစ်ကူပေးခဲ့ရပြီး သေဆုံးစစ်သား နှင့်ဒဏ်ရာရသူများကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဆေးခန်းသို့ ကားများဖြင့် သယ်ဆောင်သွားကြောင်းသိရသည်။
“သူတို့(စစ်တပ်)ဘက်က ခြောက်လက်ဒရုန်းတင်တဲ့အချိန် ကျတော်တို့ ပစ်ချနိုင်ခဲ့လို့ သူတို့ဗုံးသီးတွေ သူတို့အပေါ်ပြန်ကျလို့ ဒရုန်းတစ်ဖွဲ့လုံးလည်း သေဖို့များပါတယ်” ဟု ကိုနွေဦးကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို CDSOM၊မြောင်(ပလဖ)ဗိုလ်ကျားသစ်အဖွဲ့နှင့်CDSOM ဗိုလ်စင်္ကြာအဖွဲ့တို့ ဦးဆောင်ကာ မဟာမိတ်တပ်ရင်း၊တပ်ဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီးCDSOM ရဲဘော်နှစ် ဦး၊PDF-Taloke ရဲဘော် တစ်ဦးနှင့် မြောင်ပလဖ ရဲဘော် တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“တိုက်ပွဲဖြစ်တဲ့အနားဝန်းကျင်မှာပဲ စစ်သားအလောင်း နှစ်လောင်းကို မြှုပ်သွားပါတယ်”ဟု မြောင်ပလဖ ခေါင်းဆောင် ဗိုလ်ကျားသစ် ကပြောသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါ စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့က မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာဘုန်းကြီး ကျောင်းတွင် စစ်ဘေးရှောင်နေသော ပြည်သူ ၃၄ဦးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည်။