ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများအနေဖြင့် နေရပ်ပြန်နေကြရန် စစ်ကောင်စီတပ်က ဖိအားပေးနေပြီး နေရပ်ပြန်မနေပါက အိမ်ခြံမြေများအား ချိပ်ပိတ်သိမ်းဆည်းမည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ မီးမလောင်တဲ့ဘက်ခြမ်းက ပြည်သူတွေတော့ ပြန်နေနေကြတယ်။ လာမနေရင် ခြံတွေသိမ်းမှာတဲ့၊ လာပြန်နေရမယ်တဲ့၊ အားလုံးစာရင်းတွေသူတို့သေချာပဲရေးထားတယ်။ တိုက်ပွဲအတွင်း မီးလောင်သွားတဲ့ အိမ်တွေက သူတွေကိုတော့ သူတို့ပြောတာတော့ အစ္စလာမ်တွေကို ဗလီမှာ နေခိုင်းမယ်။ ဗုဒ္ဓဘာသာကျတော့ ဘုန်းကြီးကျောင်းမှာထားမယ်တဲ့” ဟု ကော့ကရိတ်ဒေသခံ အမျိုးသမီးတစ်ဦး MPA ကိုပြောသည်။
လက်ရှိ တိုက်ပွဲအတွင်း နေအိမ်မီးလောင်ဆုံးရှုံးခဲ့သူများအနေဖြင့် စစ်ရှောင်စခန်းများမှ နေရပ်ပြန်နေကြသည့်အခါ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေရကြောင်း သိရသည်။
“ အိမ်မီးလောင်သွားတဲ့ သူတွေကျတော့ပိုက်ဆံနဲ့ ဘိလပ်မြေတွေ၊ လိုအပ်တာတွေ ပေးမယ်ကြားတယ်။ စစ်တပ်က ပေးတဲ့အခါကျရင် ဖုန်းနဲ့ဆက်သွယ်မယ်ပြောတယ်။ စစ်ရှောင်စခန်းမှာလဲ လူတွေ အများကြီးကျန်နေသေးတယ်။ သိသလောက် အကုန်တော့ ပြန်မနေကြသေးဘူး။ တချို့က ပြန်စရာအိမ်လဲ မရှိကြတော့လေ” ဟု ၎င်းကရှင်းပြသည်။
ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူအများအပြား ပြန်လည်နေထိုင်လျက်ရှိပြီး ကော့ကရိတ်မြို့ဈေးကိုလည်း ပြန်လည်ဖွင့်လှစ်ထားကြောင်း သိရသည်။
“ တချို့စစ်ရှောင်တွေကတော့ စကစရဲ့မတရားအကျပ်ကိုင်မှုတွေကြောင့် အိမ်ပြန်နေရတဲ့ အနေအထားတွေရှိပါတယ်။ ဥပမာ- ပြန်လာမနေရင် အိမ်ချိပ်ပိတ်မယ်တို့ဘာတို့ပေါ့။ ထုံးစံအတိုင်း သူတို့ရဲ့ယန္တရားပြန်လည်ပတ်ပြီဆိုပြီး သတင်းလွှင့်ချင်တာလဲ ပါမှာပေါ့။ လူသားဒိုင်းအဖြစ်လဲအသုံးပြုလို့ရတာကိုး။ အဲ့ဒီတော့လုံခြုံစိတ်ချရမှုရှိ၊ မရှိဆိုတာ ဒေသခံတွေမှန်းဆနိုင်ပါတယ်” ဟု ကျားဖြူစစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ကော့ကရိတ်မြို့ပြင်ဘက်ရှိ အာရှလမ်းသစ်ပေါ်တွင် မြဝတီမြို့ကို ထိုးစစ်ဆင်ရန်အတွက် ရောက်ရှိနေသော စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းနှင့် KNU/KNLA ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိပြီး အဆိုပါ စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းသည် အထိအခိုက်အကျအဆုံးများနေသလို အချိန်တစ်လကျော်ကြာသည်အထိ ကော့ကရိတ်မြို့၊ ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အနီးတွင် ရပ်တန့်နေကာ ရှေ့ဆက်တိုးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။