စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် စစ်ရှောင်ဦးရေ ၅၀၀ ဝန်းကျင်မှာ မိုးတွင်းကာလတွင် နေရာရွှေ့ပြောင်းနေထိုင်ရန်အတွက် အကူအညီများလိုအပ်နေကြောင်း ဒေသခံစစ်ဘေးရှောင်များထံမှ သိရသည်။
အထက်ပါ စစ်ဘေးရှောင် ၅၀၀ ဝန်းကျင်မှာ လက်ရှိတွင် ရေမရှိသည့် အင်းအတွင်းအစုလိုက် တဲထိုးနေထိုင်လျက်ရှိပြီး မိုးဆက်တိုက်ရွာသွန်းလာပါ အင်းအတွင်းရေများပြည့်မည်ဖြစ်သောကြောင့် နေရာရွှေ့ပြောင်းနေထိုင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
“နေပူတုန်းက ပူရင်ပူတယ်မှတ်ပြီးနေလို့ရသေးတယ်။ ရေရှားတာကလည်း ဒုက္ခတော့ရောက်တာပေါ့လေ၊ ဒါပေမဲ့ မိုးတွင်း မိုးဖြိုင်ဖြိုင်ရွာရင် အခုလက်ရှိနေရာက နေလို့ရမှာမဟုတ်တော့ဘူး” ဟု အင်းအတွင်း တဲထိုး၍နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုများက လက်လွှတ်ခဲ့ရပြီးနောက် မြို့နေပြည်သူများအနေဖြင့် နီးစပ်ရာတောတောင်၊ ဘုန်းကြီးကျောင်း၊ ဆွေမျိုးများထံ တိမ်းရှောင်ခဲ့ကြရသည်။
ထို့အတူ အင်းအတွင်း တဲထိုးနေထိုင်ကြသည့် စစ်ရှောင်ပြည်သူများအနေဖြင့် မိုးရာသီအတွင်း နေထိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများမရှိသောကြောင့် စိုးရိမ်မှုများမြင့်တက်နေကြောင်း အထက်ပါ စစ်ရှောင်အမျိုးသမီးက ဆိုသည်။
မိုးရာသီအတွင်း အင်းအိုင်များရေပြည့်လာပါက ကောလင်းမြို့နယ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ကူးသန်းသွာလာ၍လည်းမရတော့သဖြင့် စားနပ်ရိက္ခာသယ်ယူရန်အတွက်ပါ အခက်အခဲများရှိနေကြောင်း သိရသည်။
“အခုတော့ ကိုယ်ပါလာတာနဲ့၊ ရွာတွေက ထောက်ပံ့တာတွေနဲ့ အဆင်ပြေသေးတယ်၊ ဒါပေမဲ့ လိုအပ်လို့ဝယ်ရတဲ့အခါကျ ဈေးတွေက ကြီးတယ်လေ၊ မိုးရာသီဆိုရင် လမ်းပန်းဆက်သွယ်ရေးအဆင်မပြေတော့ ကုန်ဈေးနှုန်းတွေက ပိုကြီးလာတော့မှာပဲ၊ ဘယ်လိုရှေ့ဆက်ရမယ်မသိပါဘူး” ဟု နတ်သျှင်တောင် တောင်ခြေရှိ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
မိုးတွင်းကာလသို့ရောက်ရှိပါက ကောလင်းမြို့နယ်အနောက်ခြမ်းသို့ ကုန်ပစ္စည်းများပို့ရန် အသုံးပြုနေသောလမ်းမှာ အသုံးပြု၍မရတော့သဖြင့် ကုန်စည်စီးဆင်းရန်အခက်အခဲများရှိနေပြီး သယ်ယူပို့ဆောင်ရေးစရိတ်များပိုမိုကြီးမြင့်လာနိုင်သလို ကုန်ဈေးနှုန်းများလဲ ယခုထက်ပို၍ မြင့်တက်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။
“မိုးရာသီကျရင် အဓိကရင်ဆိုင်ရမှာက နေဖို့ထိုင်ဖို့ပဲ။ မိုးတွေ၊ လေတွေလာရင် အခုနေတဲ့တဲတွေက အဆင်ပြေမှာမဟုတ်ဘူး” ဟု အင်ကြောဇဉ်ကျေးရွာမှ တိမ်းရှောင်လာသည့် အသက် ၃၅ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုသည်။
စစ်ရှောင်ပြည်သူအများစုသည် တောစပ်နှင့် အင်းအတွင်း တဲထိုးနေထိုင်ကြပြီး အချို့မှာ နေရာရွှေ့ပြောင်းနေထိုင်အရေးအတွက် ဖြေရှင်းနေကြသော်လည်း အများစုမှာ အင်းအတွင်း၌သာရှိနေသေးသည်။