စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းရှိ သရက်ပင်စုကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၍ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်၊ ည ၁၂ နာရီခွဲခန့် ( မေ ၁၆ ရက် မနက်အစောပိုင်း) တွင် ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ခင်ဦးမြို့နယ်၊ သရက်ပင်စုကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“ တိုက်ပွဲလည်း မရှိပါဘူး။ သရက်ပင်စုရွာထဲကို လက်နက်ကြီး နှစ်လုံးကျတယ်။ ရွာထဲကိုကျတော့ အိပ်နေတဲ့သူတွေလည်း ထိကုန်တာပေါ့၊ သေသွားတဲ့ အမျိုးသမီးက နေရာမှာတင်ဘဲ ဆုံးသွားတယ်။ ၁၂ နှစ်ကလေးနဲ့ နောက်ထပ် လေးယောက်လည်း ဒဏ်ရာရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူမှာ အသက် ၄၆ နှစ်အရွယ်ရှိ ဒေါ်တင်မာဝင်းဖြစ်ပြီး၊ ဒဏ်ရာရရှိသူများမှာ အသက် ၁၂ နှစ်အရွယ်ရှိ မောင်စောမင်းနောင်၊ အသက် ၈၃ နှစ်အရွယ်ရှိ ဦးထွန်းရင်၊ အသက် ၄၃ နှစ်အရွယ်ရှိ မသီတာဝင်း၊ အသက် ၃၇ နှစ်အရွယ်ရှိ ကိုမင်းဝေဦးနှင့် မကြူကြူခိုင်တို့ ဖြစ်သည်။
စစ်ကောင်စီတပ်စွဲထားရာ ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံနှင့်သရက်ပင်စုကျေးရွာမှာ တစ်မိုင်ခန့်သာကွာဝေးပြီး၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေမှုများကြောင့် သရက်ပင်စုကျေးရွာအပါအဝင် ကားဆိပ်၊ ယာတော်၊ မြင်းဒေါင်း၊ ကျွန်းတောကြီး၊ မြင်းကျ၊ သာဝတ္တိ၊ သရက်ကုန်း၊ တဲစု၊ ကင်းပြစ်၊ သာရဂ၊ မကြီးအုပ်နှင့် အင်တိုင်းကြီးကျေးရွာများမှ ဒေသပြည်သူအများစုမှာ နေရပ်စွန့်ခွာ၍ စစ်ရှောင်နေရကြောင်း သိရသည်။
“ ခင်ဦးအနောက်ခြမ်း၊ အနောက်တောင်ခြမ်းနဲ့ တောင်ဘက်ခြမ်းက ရွာတွေက အမြဲလိုလို စစ်ရှောင်ရတယ်။ ပျူစောထီးတွေက သောင်းကျန်းလိုက်၊ ရေဦးဘက်ကနေ ပစ်လိုက်ပဲ၊ အရင် မတ်လတုန်းကလည်း ခင်ဦးအနောက်ခြမ်းက ရွာတွေ ပြေးကြရတာ” ဟု ရေဦးမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေ ၁၁ ရက်တွင် ခင်ဦးမြို့နယ်နှင့် ထိစပ်နေသည့် ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာ စာသင်ကျောင်း၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဒရုန်းသင်တန်းပြုလုပ်နေစဥ် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ဗုံးကြဲခဲ့ရာ ဒေသခံ ၈ ဦး သေဆုံးခဲ့သေးသည်။