မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ် သုံးနေရာကို PDFတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄၀ကျော် ကြဲချ တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးကြောင်းသိရသည်။
မေလ ကိုးရက် တွင် ပခုက္ကူမြို့နယ်၊ ကန်တော်ရွာရှိ စစ်ဆေးရေးဂိတ်နှင့် ညောင်ပင်လှလမ်းခွဲရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး ၁၂လုံး၊ မေလ၁၀ရက်တွင် ညောင်ပင်လှလမ်းခွဲရှိစစ်ဆေး ရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး ၁၇လုံးနှင့် မေလ၁၁ရက်တွင် ညောင်ဂျစ်ပင်ပျူရွာသို့ ရောက်ရှိနေသော အင်အား ၈၀ပါ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၁၅လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။
“ သေတာတွေက စုစုပေါင်းဟာပဲသိရတာ။ ဘယ်က ဘယ်နှစ်ယောက်သေတယ်ဆိုတာတော့ တိတိကျကျမသိရဘူး။ သူတို့နေတဲ့ အဆောက်အအုံတွေလည်း ပျက်စီးတာရှိပါတယ်” ဟု မြိုင်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံ ကိုသုတက MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုများကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ ထုံးစံအတိုင်း လက်နက်ကြီး ရမ်းပစ်တာတွေတော့ ရှိတာပေါ့” ဟု မြေပြင်တိုက်ပွဲဝင် PDF ရဲဘော်တစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra Pakokku၊ Kamma Defence Forceနှင့် ဓားမင်းကြီးတပ်ဖွဲ့ (DMG) တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-13-144159_002-1024x575.jpeg)
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-13-144159_003-1024x581.jpeg)
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-13-144159_004-1024x573.jpeg)