ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အဖေဖြစ်သူနှင့်သမီးတို့ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
မေလ၁၀ရက်၊ ညရှစ်နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် သုံးဆယ်ရွာ နေအိမ်တစ်လုံးပေါ် တည့်တည့် ကျရောက်ခဲ့ခြင်းဖြစ်ပြီး ငါးဦးဒဏ်ရာရရှိကြောင်း ဒေသခံအချို့ထံက သိရသည်။
“ မနေ့ည(မေလ၁၀ရက်ည)က လက်နက်ကြီးလေးချက်ပစ်တယ်။သုံးချက်ကွဲတာ။တစ်လုံးကတော့မကွဲဘူး။ကွဲတဲ့သုံးလုံးထဲကတစ်လုံးက နေအိမ်တည့်တည့်ကျတာ” ဟု မျက်မြင်အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
သေဆုံးသွားသူများမှာ အသက်၆၀အရွယ် အမျိုးသားနှင့် အသက် ၂၃နှစ်အရွယ်ရှိ ၎င်း၏ သမီးတို့ဖြစ် ပြီး ဒဏ်ရာရသော တစ်အိမ်တည်းနေ မိသားစုဝင် လေးဦးတို့မှာလည်း အခြေအနေစိုးရိမ်ရကြောင်း သိရသည်။
လက်နက်ကြီးတည့်တည့်ကျသောအိမ်မှ အသက်၂၀အရွယ် လင်မယားနှစ်ဦး၊ အသက် လေးနှစ်အရွယ်ရှိ၎င်းတို့၏သားနှင့် သေဆုံးသွားသော အမျိုးသမီး၏ ခင်ပွန်းတို့မှာ စိုးရိမ်ရ ဒဏ်ရရခဲ့ပြီး ဘေးအိမ်ရှိ အသက်၆၀ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း ဒဏ်ရာရသူများကို ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။
“ လက်နက်ကြီးကတော့ အခု ကျတော်တို့စကားပြောနေချိန်ကို ပစ်နေတာဗျာ။ သရက်ကုန်းဘက်ကို ရမ်းပစ်တယ်ထင်တာပဲ။သူတို့ပစ်လည်း ထိတာကတော့ ပြည်သူပဲလေ” ဟု သုံးဆယ်ရွာအနီးနေဒေသခံတစ်ဦးကယနေ့ (မေလ၁၁ရက်) ည ၇နာရီကျော်တွင် ပြောသည်။
နောင်ချို မြို့နယ်၊သရက်ကုန်းရွာ စစ်ကောင်စီတပ်စခန်းကိုMDY PDF က ဧပြီ ၁၅ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အဆိုပါစခန်း ပြန်လည်ရရှိရေးအတွက် မြေပြင် စစ်ကြောင်းထိုးနေသည့်အပြင် လက်နက်ကြီးဖြင့်လည်း နေ့စဥ်ရမ်းသန်း ပစ်ခတ်နေကြောင်း MPA ကစုံစမ်းသိရသည်။