ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ပါဝင်သည့် (Drop Bomb) ဗုံးများ၊ မီးလောင်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရဲဘော်အယောက် ၅၀ ခန့် ဓာတုအဆိပ်ငွေ့သင့်ကာ အသက်ရှူကျပ်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းနှင့် အမြင်အာရုံဝေဝါးခြင်းတို့ ခံစားခဲ့ရကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။
ဧပြီ ၁၉ ရက်မှ ၂၁ ရက်အထိ ဖြစ်ပွားခဲ့သော ကော့ကရိတ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အဆိုပါ ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျားဖြူစစ်ကြောင်း၏ ဒုတပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောသည်။
“ ၃ ရက်ဆက်တိုက်မှာ ရန်သူဘက်က ဒရုန်းဗုံးသီးတွေမှာ အဆိပ်ဗုံးတွေသုံးတယ်။ နောက်ပြီး Y-12 ကနေပြီးတော့ အဆိပ်ဗုံးသီးတွေနဲ့ ပစ်ချတယ်။ သူတို့ဘက်က မြေပြင်ရော ဝေဟင်ရော အဆိပ်သင့်တဲ့ ဗုံးတွေ တအားသုံးတဲ့အခါကျတော့ မြေပြင်မှာ ကျွန်တော်တို့ ရဲဘော်တွေက အဆိပ်ငွေ့သင့်တဲ့ ဒဏ်ကို မခံနိုင်ကြတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ မြေပြင်တချို့အပိုင်းတွေကို စွန့်လွှတ်လိုက်ရတာလဲရှိတယ်” ဟု ၎င်းက ရှင်းပြသည်။
တိုက်ပွဲအတွင်း ဓာတုအဆိပ်ငွေ့သင့်ခဲ့သည့် ရဲဘော်များအနေဖြင့် အချိန်မီဆေးကုသမှုခံယူခဲ့သည့်အတွက် ဓာတုအဆိပ်ငွေသင့်ကျဆုံးမှုတော့ မရှိကြောင်း စုံစမ်းသိရှိရသည်။
“ ၂၀၂၂ လောက်ထဲက လေယာဉ်နဲ့ကြဲတဲ့အခါ တိုက်ပွဲထဲမှာ ရဲဘော်တွေ အိပ်ပျော်သွားတာ ရှိပါတယ်။ အခု drone နဲ့ ချတာက ပိုပြင်းပါတယ်။ အဝါရောင် အငွေ့တွေ ထွက်လာပီး ပေါက်ကွဲအားက အနီးက လူတွေ မြောက်တက်သွားတဲ့အထိ ပြင်းထန်ပါတယ်။ အခုအမျိုးအစားက ကျားဖြူစစ်ကြောင်းနဲ့ ထိတွေ့မှုတွေမှာ ပထမဆုံးလို့ ပြောလို့ရပါတယ်” ဟု ကျားဖြူစစ်ကြောင်း၏ သတင်းပြန်ကြားတာဝန်ခံက ဆိုသည်။
မြဝတီမြို့သို့ စစ်ကူသွားရောက်ရန် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်များက ကော့ကရိတ်မြို့တွင် တားဆီးပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အဆိုပါ ၃ ရက်တာ တိုက်ပွဲအတွင်း ကျားဖြူစစ်ကြောင်းက ရဲဘော် ၄ ဦးကျဆုံးခဲ့သလို ရဲဘော်အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး နှင့် ဗိုလ်လေး ၁ ဦး အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဥ် ၁ စီး၊ စက်သေနတ်တပ်ဆင်ထားသော စစ်သုံးယာဥ် ၂ စီး၊ ပွိုင့်ဖွိုက် ၁ လက် အပါအဝင် လက်နက်ငယ် ၁၁ လက်နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း KNU ဗဟိုက ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီ ၁၁ ရက်မှစတင်၍ စစ်ကောင်စီ၏ အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာယာဥ် ရှစ်စီးနှင့် ကားအစီးရေ ၂၂ စီးဖြင့် ခန့်မှန်းအင်အား ၅၀၀ ခန့်ပါရှိသော အဆိုပါစစ်ကူယာဥ်တန်း(အောင်ဇေယျစစ်ကြောင်း)သည် မြဝတီမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။