မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီး ရသာရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။
အင်အား ၆၀ ခန့်ပါသည့် စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ဧပြီ ၈ ရက်၊ နံနက် ၅ နာရီခွဲအချိန်တွင် ကျောက်ကန်ကျေးရွာမှထွက်လာပြီး ဖက်ရင်းကျေးရွာသို့ဝင်ရောက်ကာ ထိုမှတဆင့် ရသာကျေးရွာသို့ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံမြို့နယ်၊ လူထုသပိတ်တိုက်ပွဲကော်မတီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA ကိုပြောသည်။
“ မနက်အစောကြီး ဖက်ရင်းရွာကို ရုတ်တရက် ပစ်ဝင်တော့ ရွာသားတွေက ရုန်းရင်းဆန်ခတ် ထွက်ပြေးကြတာ။ အဲဒီမှာ သားအဖ ၂ ဦးက ရသာရွာဘက်ကို ပြေးတာမှာ စစ်ကြောင်းက ကားနဲ့ လိုက်ပစ်တာ။ အဲဒီကနေ ရသာရွာကိုဆက်ဝင်ပြီး ပြည်သူတစ်ဦးကို ထပ်ပြီး ပစ်သတ်တာ” ဟု ၎င်းကရှင်းပြသည်။
အဆိုပါစစ်ကြောင်းသည် ယနေ့(ဧပြီ ၈ ရက်)၊ နံနက် ၇ နာရီအချိန်တွင် ရသာရွာကို စတင်မီးရှို့ခဲ့ပြီး မွန်းလွဲ ၂ နာရီအထိ ပြည်သူပိုင်နေအိမ် ၂၆၀ ခန့် မီးလောင်နေခဲ့ကြောင်း မြင်းခြံအခြေစိုက် ပြည်ချစ်သား PDF ၏ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
“ ဒီနယ်အခေါ်ကတော့ ရသာ – ဖက်ရင်းပေါ့။ ဒါပေမယ့် မြင်းခြံကထွက်လာရင် ဖက်ရင်းရွာကို အရင်ရောက်တာ။ ပြီးမှရသာရွာပေါ့။ စဝင်တာက ဖက်ရင်းဆိုပေမယ့် မီးရှို့တာကတော့ ရသာရွာကိုပဲ လေးဖက်လေးတန်ကနေရှို့သွားတာ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့သည့် ရွာနှစ်ရွာက ဒေသခံပြည်သူအချို့ကို ဖမ်းဆီးစစ်ဆေးမှုများရှိသော်လည်း ရိုက်နှက်ကာပြန်လည်လွှတ်ပေးခဲ့ပြီး ပြည်သူပိုင်အဖိုးတန်ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း နယ်မြေခံကာကွယ်ရေးရဲဘော် ဗိုလ်ခက ထပ်လောင်းပြောသည်။
“ ကျွန်တော်တို့သိရသလောက်တော့ ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကို ကားနဲ့ လိုက်ပစ်ဖမ်းရင်းနဲ့ ရွာတွေဖက်ကို ရောက်လာပြီး အခုလို လုပ်သွားတာ။ ဒီရွာတွေက မြင်းခြံကနေ ကားနဲ့လာရင် ၁ နာရီလောက်ပဲကြာတာ” ဟု ၎င်းကဆိုသည်။
မြင်းခြံမြို့နယ်၊ ရသာကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး မီးလောင်ပျက်စီးခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ MPA က ဆက်လက်စုံစမ်းလျက်ရှိသည်။